ရခိုင်ပြည်နယ်မှာ ဒုက္ခသည် ၆ သောင်းကျော် ရှိနေ

  • 20 ဇွန် 2012
Regugees in sittwe ဓာတ်ပုံ မူပိုင် AP
Image caption ဇွန်လ ၁၆ ရက်နေ့က စစ်တွေ မြို့မှာ တွေ့ရတဲ့ ဒုက္ခ သည်များ

ရခိုင်ပြည်နယ်မှာ ရခိုင် တိုင်းရင်းသား တွေနဲ့ ပြည်နယ် တွင်းက မွတ်ဆလင် တွေကြား ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကြောင့် အိုးအိမ် စွန့်ခွာ ခဲ့ကြရသူ ခြောက်သောင်း လောက်ကို စားနပ် ရိက္ခာ ထောက်ပံ့ နေတယ် လို့ မြန်မာ နိုင်ငံ အတွင်းမှာ ကူညီ ကယ်ဆယ်ရေး တွေ လုပ်ဆောင်နေတဲ့ WFP ကမ္ဘာ့ ဟားနပ် ရိက္ခာ အစီအစဉ်က ပြောပါတယ်။

အဲဒီ အိုးအိမ်စွန့် ထွက်ပြေး ကြရသူ တွေဟာ ရခိုင် တိုင်းရင်းသား တွေ ဘက်ကရော၊ မွတ်ဆလင်တွေ ဘက်ကပါ နှစ်ဘက် စလုံး ပါဝင်ပြီး တကယ်တန်း အိုးအိမ် စွန့် ထွက်ပြေး ခဲ့ရသူတွေ အခုထက် မက များနိုင် တယ်လို့ WFP က ပြောပါတယ်။

WFP ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ ဒါရိုက်တာက သူတို့ အနေနဲ့ လူအများကြီးကို စားနပ် ရိက္ခာ အကူ အညီ ပေးနေ ရလို့ အရေ အတွက် အတိ အကျ ပြောဖို့ ခက်တယ်၊ ခန့်မှန်း ခေျ သာ ပြောနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အိုးအိမ် စွန့်ခွာ ကြရသူတွေကို ဒေသတွင်းက WFP ဝန်ထမ်းတွေက တဆင့် လိုအပ်သူတွေကို အကူအညီတွေ ဖြန့်ဝေ ပေးနေတာ ဖြစ်ပြီး လူ ဘယ်လောက်ကို ဘယ်လောက် ကြာကြာ ပေးရမယ် ဆိုတာ နောက် တဆင့် အနေနဲ့ စိစစ် လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ ပဋိ ပက္ခတွေ စတင် ဖြစ်ကတည်းက လုပ်လက်စ လုပ်ငန်း တွေကို ရပ်ဆိုင်းထားခဲ့တဲ့ MSF နယ်စည်း မခြား ဆရာဝန်များ အဖွဲ့ ကလည်း ရခိုင်ပြည်နယ် အတွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု အခြေ အနေကို စိုးရိမ် တယ်လို့ ပြော ပါတယ်။

ဒေသတွင်း ကနေ ပြန်ခေါ် ထုတ်လို့လည်း မရ တဲ့ သူတို့ ဝန်ထမ်း သုံးရာ လောက် ရှိနေပြီး ကလေးငယ်တွေ အာဟာရ ချို့တဲ့မှု၊ ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုတွေ ရှိပြီး သေဆုံးသူ တချို့ ရှိတယ် ဆိုတဲ့ သတင်းတွေ ရတယ်လို့ ရခိုင် ပြည်နယ် ကနေ ပြန်လာ တဲ့ MSF အဖွဲ့ရဲ့ Operation Manager က ပြောပါတယ်။

အရေးပေါ် ဆေးဝါး လိုအပ်နေပြီး ဆက်သွယ်လို့ မရဘဲ သီးခြား ဖြစ်နေတဲ့ နေရာမျိုးတွေကို နိုင်ငံ တကာနဲ့ မြန်မာ ဝန်ထမ်းတွေ စေလွှတ်ချင်ပေမဲ့ အစိုးရ ဆီက ခွင့်ပြုချက် မရ သေးဘူးလို့ လည်း သူက ဆိုပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ ရက်အတန်ကြာ တည်ငြိမ်မှု ရှိနေရာက ဇွန်လ ၁၉ ရက်နေ့က ရသေ့တောင် မြို့နယ်မှာ ရခိုင်ရွာ တစ်ရွာ ထဲကို မွတ်ဆလင်ရွာက လို့ ယူဆရတဲ့ လူတချို့ လာရောက် မီးရှို့ တိုက်ခိုက် မှု ထပ်မံ ဖြစ်ပွား ခဲ့တဲ့ အတွက် လူ သေဆုံးမှု တွေ ရှိခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ