ဗြိတိန် လွှတ်တော် နှစ်ရပ်မှာ ဒေါ်စု သမိုင်းဝင် မိန့်ခွန်း ပြော

Dabvid Cameron and Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် Getty
Image caption ပါလီမန်မှာ မိန့်ခွန်း မပြောခင် ဗြိတိန် ဝန်ကြီး ချုပ်နဲ့ တွေ့ဆုံခဲ့

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဇွန်လ ၂၁ ရက် ကြာသပတေးနေ့ ဒေသ စံတော်ချိန် ၃ နာရီ က ဗြိတိန် နိုင်ငံ လွှတ်တော် နှစ်ရပ်ကို မိန့်ခွန်း ပြောခဲ့ ပါတယ်။

သူပြောခဲ့တဲ့ မိန့်ခွန်း ထဲမှာ ဒေါ်အောင်ဆန်း စုကြည်က ဗြိတိန် လူထုရဲ့ အားပေး ထောက်ခံမှု တွေက မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ပိုမို ရှေ့ဆက် သွားစေနိုင် ခဲ့တယ်လို့ ပြော ပါတယ်။

ဗြိတိန် ပါလီမန်ရဲ့ ခန်းမကြီးထဲကို ဝင်လာတဲ့ ဒေါ်အောင်ဆန်း စုကြည် ကို ဗြိတိန် ပါလီမန် အောက်လွှတ်တော် ဥက္ကဌ ဂျွန် ဘားကိုးက သူဟာ တိုင်းပြည်မှာ မှန်ကန်တဲ့ လမ်းကြောင်းကို ရောက်အောင် ဖော်ဆောင်ပေးသူ တစ်ယောက် လူသား လူ့ဘောင် အတွက် သူရဲကောင်း တစ်ယောက် ဖြစ်တယ်လို့ တင်စား ပြောဆိုပြီး အမတ်တွေနဲ့ မိတ်ဆက်ပေးတဲ့ အခါမှာ အားလုံးက လက်ခုပ် တီးပြီး ကြိုဆို ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ကတော့ မြန်မာ လူထုကို လုပ်ကိုင်နိုင်ခွင့်တွေ ပေးဖို့ လိုတဲ့ အကြောင်းနဲ့ အခု အချိန်ဟာ သူ့ နိုင်ငံ အတွက် အခက်ခဲဆုံး အချိန် ကာလ ဖြစ်နေတဲ့ အကြောင်း ပြောခဲ့ ပါတယ်။

ပုပ်ရဟန်း မင်းကြီး၊ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားနဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား တို့လို ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင်ကြီး တွေသာ မိန့်ခွန်း ပြောခွင့် ရခဲ့တဲ့ ဗြိတိန် လွှတ်တော် နှစ်ရပ် စလုံးမှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ပြောခွင့် ရတယ် ဆိုတာ ရှားပါး ထူးခြားတဲ့ သမိုင်းဝင် အခွင့် အရေး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ပြောပြီးတဲ့ အခါမှာ လွှတ်တော် ခန်းမထဲမှာ ရှိနေကြတဲ့ ဗြိတိသျှ နိုင်ငံရေး လောကက ထင်ရှားသူတွေ၊ ခေါင်းဆောင်တွေ လွှတ်တော် အမတ်တွေနဲ့ ဖိတ်ကြား ထားတဲ့ မြန်မာ နိုင်ငံသားတွေ အားလုံးက မတ်တပ်ရပ်ပြီး ဂုဏ်ပြု လက်ခုပ်တွေ တီးခဲ့ကြပါတယ်။

ဗြိတိန် ပါလီမန်ထဲကို လာဖို့ ဖိတ်ကြား ခံရတဲ့ မြန်မာ အသိုင်း အဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ ဖိတ်ကြား မခံရဘဲ ပါလီမန်ရှေ့ကို ရောက်လာကြ သူတွေကို ပါလီမန်မှာ သတင်းယူဖို့ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဦးကိုကိုအောင် က တွေ့ဆုံ မေးမြန်း ကြည့်တော့ အားလုံးက ဝမ်းမြောက် ဂုဏ်ယူ နေကြ တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ