SSAနဲ့ အစိုးရ စစ်တပ် ကြားမှာ တိုက်ပွဲ အရှိန် လျော့ရေး ကြိုးပမ်း

  • 22 ဇွန် 2012
SSA SSPP soldiers ဓာတ်ပုံ မူပိုင် no credits
Image caption SSA/SSPP ရှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်သားများ

ရှမ်းပြည်မြောက်ပိုင်း မိုင်းရှူးမြို့နယ်က ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည် တိုးတက်ရေး ပါတီ SSA ရဲ့ လွယ်ဖာဖိန့် တပ်စခန်း အနီးမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇွန်လ ၁၇ ရက်နေ့က စပြီး သုံး လေးရက်ကြာ ဆက်တိုက် ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ ထပ်ပြီး မကြီးထွား ရအောင် နှစ်ဘက် တပ်ဖွဲ့ရဲ့ အင်အား တွေကို ရုပ်သိမ်းဖို့နဲ့ ဆက်လက် ပစ်ခတ်မှု မလုပ်ကြဖို့ အတွက် SSA မြောက်ပိုင်းနဲ့ အစိုးရ ဘက်က တာဝန် ရှိသူတွေ မန္တလေးမြို့ ရိုဆာ ဟော်တယ်မှာ တစ်နာရီကျော် ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတယ်လို့ သိရ ပါတယ်။

ဆွေးနွေးပွဲမှာ SSA အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဆရ်မ်၊ စဝ်လှကျော် စတဲ့ အဖွဲ့ဝင် တွေနဲ့ အစိုးရ ဘက်က ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် တို့ပါဝင် တယ်လို့ သိရပါတယ်။

တပ်တွေ ရုပ်သိမ်း ခိုင်းတဲ့အပြင် နှစ်ဘက် စလုံး ဖြတ်သန်း သွားလာမယ် ဆိုရင် ကြိုတင် အကြောင်းကြား ပေးရမယ် ဆိုတဲ့အချက်ပါ ထပ်မံ တင်ပြ ဆွေးနွေး ခဲ့တယ်လို့ SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ပြော ပါတယ်။

SSPP နဲ့ အစိုးရဟာ ဒီလ ကုန်လောက်မှာ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ထပ်မံ ဆွေးနွေးဖို့ စီစဉ်ခဲ့ ပါတယ်။ ဒါပေမဲ့ ရခိုင် ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေ တွေကြောင့် ခေတ္တ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ် ခဲ့ကြ တယ်လို့ သိရ ပါတယ်။

ကျန်တဲ့ ဆွေးနွေးချက်တွေ ကိုတော့ သမ္မတဆီ ပြန်လည် တင်ပြပြီးမှ အခြေ အနေ ဘယ်လို ရှိတယ် ဆိုတာ အကြောင်းပြန်မယ်လို့ ဦးသိန်းဇော်က ပြောကြောင်းလည်း ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။

သူတို့ရဲ့ တောင်းဆိုမှုကို ချက်ချင်း မတုန့်ပြန် နိုင်သေးပေမဲ့ SSA ကိုတော့ ပြဿနာ မကြီးထွားဖို့ စစ်ဖြစ် ပွားတဲ့ တပ်စခန်းကနေ ဆုတ်ခွာ ပေးပါလို့ တောင်းဆိုလိုက် ကြောင်းလည်း SSA ပြောရေး ဆိုခွင့်ရှိသူက ပြော ပါတယ်။

SSA ဘက်က သူတို့ရဲ့ လက်အောက်ခံ တပ်ဖွဲ့တွေကို ဒီကနေ့မှာပဲ အဲဒီ ဖာဖိန့် တပ်စခန်း ကနေ ဆုထ်ခွာ ပေးခိုင်း လိုက်ပြီလို့ သိရ ပါတယ်။ အခုတော့ ပစ်ခတ်မှုတွေလည်း ရပ်စဲသွား ပြီ ဖြစ်ပြီး SSA ဆုတ်ပေးလိုက်တဲ့ တပ်စခန်း နေရာမှာ အစိုးရ စစ်တပ်တွေက ပြန်ပြီး နေရာ ယူလိုက်တယ်လို့ ဗိုလ်မှူး စိုင်းလှက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ