ရခိုင်ပြည်နယ်မှာ ကူညီပေးရေး နောက်ဆုံးအခြေအနေ

  • 23 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ကုလသမဂ္ဂနဲ့ အန်ဂျီအိုတွေကို အစွန်းရောက် အဖွဲ့ အစည်းတွေနဲ့ ဆက်နွယ် နေတယ် ဆိုပြီး စွပ်စွဲ ပြောဆိုမှုတွေ ရှိနေတာ အံ့သြစရာပါ

ရခိုင်ပြည်နယ်မှာ အရင်ကတည်းက ရုံးတွေ ဖွင့်လှစ်ပြီးကူညီနေတဲ့ Meltesar အန်ဂျီအို အဖွဲ့ က ရန်ကုန်မြို့မှာ ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ခံ ဘီယာကာ ကို ဆက်သွယ်ပြီး လတ်တလော ဘာတွေလိုအပ် နေပြီး ဘယ်လို အကူညီတွေ ပေးနေသလဲ ဆိုတာ ဆက်သွယ် မေးမြန်းထားပါတယ်။

အကူအညီပေးရေး အခြေအနေ

အကူညီပေးရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ Maltesar အပါအဝင် ကယ်ဆယ်ရေး အဖွဲ့တွေက ထောက်ပံ့မှုတွေ ပေးနေပါတယ်။ ဥပမာ ကျွန်မတို့ အဖွဲ့ဆိုရင် စားစရာ မဟုတ်တဲ့ တခြား ပစ္စည်းတွေကို ထောက်ပံ့ ပေးနေတာရှိ သလို စိတ်ပိုင်း ဆိုင်ရာအရ Psycho-Social ကူညီ စောင့်ရှောက်မှုတွေ ကိုလည်း လုပ်ပေးနေပါတယ်။

အစိုးရကနေလည်း အကူညီတွေကို မွတ်ဆလင်ရော ရခိုင်ဒုက္ခသည်တွေ အတွက်ပါ ထောက်ပံ့ပေးနေပါတယ်။ လောလောဆယ် အရေးတကြီး လိုအပ်နေတာ ကတော့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်ရေ နဲ့ သန့်ရှင်းရေး ဆိုင်ရာပစ္စည်းတွေပါ။ ဒီအတွက် ဘယ်အဖွဲ့က ဘာတွေပေးနိုင်မလဲ ဆိုတာကို အချင်းချင်း ညှိနှိုင်းနေကြပါတယ်။

ဒုက္ခသည် စခန်းမှာ ရှိမနေတဲ့ သူတွေ အတွက်လည်း အကူညီပေးနေ တာတွေရှိပါတယ်။ ပြီးတော့ အကူညီပေးတဲ့ အစီအစဉ်က အဆင့်ဆင့်ရှိပါတယ်။ နိုင်ငံရေး အဆင့်မှာတော့ အစိုးရနဲ့၊ တခြား အဖွဲ့အစည်း တွေကြား အကူညီပေးဖို့ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ဆောင်ရွက်နေပါတယ်။

ဒါ့အပြင်ကျွန်မတို့ Maltesar အဖွဲ့ အနေနဲ့ လွန်ခဲ့တဲ့ ၉ နှစ် ကတည်းက မြန်မာနိုင်ငံမှာ ကူညီ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေ ရှိတဲ့ အတွက် ရှိပြီးသား အစီအစဉ် တွေကို လက်ရှိ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပုံစံပြောင်းပြီး ဆောင်ရွက်ပေးနေတဲ့ အပိုင်းလည်း ရှိပါတယ် ဆိုပြီး ဘီယာကာက ပြောပါတယ်။

လတ်တလော နယ်မြေအခြေအနေ

လတ်တလောမှာတော့ နေအိမ် စွန့်ပြီး ထွက်ပြေးရသူတွေ အများစုဟာ မြို့တွေ ပေါ်မှာ ရှိနေပါတယ်။ အစိုးရ အရာရှိတွေ အပြောအရ အဲဒီလူ အရေအတွက်ဟာ ၅၃၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ အတည်မပြုနိုင်သေးတဲ့ ပြင်ပ ခန့်မှန်းချက်ကတော့ ကိုးသောင်းအထိ ရှိနိုင်ပါတယ်။ ဒုက္ခသည်စခန်း ၆၆ ခုဟာ ပဋိပက္ ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုမှာရှိနေ ပါတယ်။

ဝေးလံတဲ့ ကျေးရွာတွေက အခြေအနေတွေနဲ့ ပတ်သက်လို့တော့ သတင်း အချက်အလက် သိပ်မရပါဘူး။ ကျွန်မတို့ အဖွဲ့အစည်းက ဒေသခံ ဝန်ထမ်းတွေဟာလည်း အပြင်ကို ထွက်ဖို့ စိုးရိမ်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်ချင်းကပ် နေတဲ့ မောင်တောမြို့ မြောက်ပိုင်းမှာတော့ နှိုင်းယှဉ်ချက်အရတော့ အခြေအနေတွေ တည်ငြိမ်နေပါတယ်။ ဒါပေမယ့် စစ်တွေ တဝိုက်နဲ့ စစ်တွေနဲ့ ဘူးသီးတောင်ကြားမှာတော့ ရွာတွေ အတော်များများ မီးရှို့ခံခဲ့ရပြီး၊ သေဆုံးမှုတွေလည်း အတော်များများ ရှိနိုင်ပါတယ်။

စစ်တွေမြို့မှာလည်း ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာလို မဟုတ်ဘဲ တင်းမာမှုတွေ ဆက်ရှိနေပါတယ်။ လုံခြုံရေး အရာရှိတွေကတော့ ထိန်းပေးနေကြပါတယ်။ ဒါပေမယ့် စျေးတွေနဲ့ စျေးဆိုင်တွေ အားလုံးကို ပိတ်ထားပါတယ်။ အထူးသဖြင့် မနေ့က သောကြာနေ့ ဝတ်ပြုချိန် အပြီးမှာ ပြဿနာ ဖြစ်နိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပါတယ်။ လူတွေ အနေနဲ့ မလုံခြုံဘူးလို့ ခံစား နေကြရပါတယ်လို့ ပြောသွားပါတယ်။

ကြုံတွေ့နေရတဲ့ ပြဿနာ

နောက်ပြဿနာတခုက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ကောလဟာလ သတင်းတွေပါ။ ဒီအဖွဲ့အစည်းတွေဟာ အစွန်းရောက် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ် နေတယ်ဆိုပြီး စွပ်စွဲ ပြောဆိုမှုတွေ ရှိပါတယ်။ သတင်းရေးသားဖော်ပြမှုတွေလည်းရှိနေပါတယ်။ ဒါဟာအံအားသင့်စရာပါ။

ဒီလို ကောလဟလတွေကို ရပ်သွားအောင် ကူညီဖို့ အစိုးရကိုလည်း ကျွန်မတို့က မေတ္တာ ရပ်ခံမှာပါ။ အခုအချိန် အထိတော့ အစိုးရကလည်း ကျွန်မတို့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ အတွက် ကူညီအားပေး နေပါတယ်။

ရခိုင်ပြည်နယ် ပြဿနာမှာ အစိုးရ၊ ကုလသမဂ္ဂနဲ့ အန်ဂျီအိုတွေ ကြားမှာ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း အားကောင်းပါတယ်။ လတ်တလောမှာ လုံခြုံရေးနဲ့ လူသားချင်း စာနာ ကူညီမှုတွေကို ပေးနိုင်ရေး အတွက် လိုအပ်ချက်တွေကို ဆန်းစစ် လေ့လာနေပါတယ်လို့ Birke ဘီယာကာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ