မူဆလင်ရပ်ကွက်ကလူတွေကို စစ်တွေမြို့ပြင်မှာ ရွှေ့ပြောင်း နေရာချ

  • 23 ဇွန် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြဿနာတွေ ထပ်မဖြစ်အောင် မွတ်ဆလင်တွေကို သက်ဆိုင်ရာက ပြောင်းရွှေ့ နေရာချခဲ့တာလို့ ဆို

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက် မှာ ရှိတဲ့ မွတ်ဆလင်တွေကို သက်ဆိုင်ရာက စစ်တွေမြို့ပြင်မှာ ရွှေ့ပြောင်း နေရာချထားလိုက်ပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်ပွားစဉ် အချိန်တုန်းက အဲဒီ ရပ်ကွက်က နေအိမ်အတော်များများ မီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။

မွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးတွေ ခြံစည်းရုံးချင်း ကပ် ရောနှော နေထိုင်နေကြတဲ့ အောင်မင်္ဂလာရပ်ကွက်မှာ လုံခြုံရေးတွေ ချထားပေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်လာနိုင်တဲ့အတွက် နှစ်ဘက် ညှိနှိုင်းပြီး စစ်တွေ မြို့ပြင်က အောက်သဲချောင်းရပ်ကို ယာယီ ရွှေ့ထားပေးတာ ဖြစ်တယ်လို့ စစ်တွေမြို့ ကွပ်ကဲရေးရုံး ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။

သောကြာနေ့က စလို့ မွတ်ဆလင် ၆၄၀လောက် ရွှေ့ထားပေးပြီးဖြစ်ပြီး စနေနေ့ မှာလည်း နောက်ထပ် ရွှေ့ပြောင်း နေရာချမှုတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်း နေရာချထားမှုကို မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဌာန တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဦးစီး ဆောင်ရွက်နေရာမှာ အဲဒီလူတွေထဲမှာ မှတ်ပုံတင် မရှိပဲ နေထိုင်နေသူတွေကို စိစစ် တွေ့ရှိခဲ့တာကြောင့် လူဝင်မှု ကြီးကြပ်ရေး ဌာနက ဆက်လက် ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

စစ်တွေမြို့မှာ အခြေအနေတွေ အေးဆေး တည်ငြိမ်နေပြီး ကယ်ဆယ်ရေး စခန်း တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေသူတွေ ကိုယ့်အိမ် ကိုယ်ပြန်နေ နိုင်အောင် အစိုးရက ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

အခုချိန်ဟာ လယ်ယာ စိုက်ပျိုးချိန် ရောက်နေပြီမို့ လယ်ယာ စိုက်ပျိုးလို့ ရတဲ့အထိ လုံခြုံမှု ဆောင်ရွက်ပေးဖို့ အစိုးရက စီစဉ်ထားတယ်လို့လည်း ဦးဝင်းမြိုင်က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ