ရခိုင်မှာ ကျောင်းသွား၊ စျေးသွားနိုင်ပြီလား

  • 24 ဇွန် 2012

ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ မွတ်ဆလင်တွေကြား တင်းမာမှုတွေ ဖြစ်ခဲ့တာ တလပြည့်ဖို့ နီးလာချိန်မှာ အခြေအနေတွေ ပြန်အေးလာပြီလို့ ရခိုင်ပြည်နယ် အရေးကိစ္စတွေကို ဆောင်ရွက်ပေးနေတဲ့ ထူထောင်ရေးအဖွဲ့က ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption စစ်တွေမြို့မှာ ဖျက်ဆီးခံရမှုတွေအပြီးနောက်မှာ တွေ့ရတဲ့ မြင်ကွင်း

ကျောင်းသားတွေလည်း ကျောင်းတက်နိုင်ပါပြီ၊ မိဘတွေက စိုးရိမ်လို့သာ မလွှတ်ကြတာပါလို့ သူက ဆိုပါတယ်။ စားရေး သောက်ရေးအတွက် စျေးဝယ်ထွက်ဖို့လည်း အဆင်ပြေနေပါပြီလို့ ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း ရခိုင်နဲ့ မွတ်ဆလင် လွှတ်တော် အမတ်တွေကတော့ ဦးဝင်းမြိုင်နဲ့ အမြင် လုံးလုံး မတူကြပါဘူး။ ကြံ့ခိုင်ရေးပါတီရဲ့ ဘူးသီးတောင် မြို့နယ် ကိုယ်စားပြု မွတ်ဆလင် အမတ် ဦးရွှေမောင် ကတော့ မွတ်ဆလင်တွေဟာ အပြင်သွားဖို့၊ စျေးဝယ်ထွက်ဖို့ကို စိုးရိမ် နေကြတုန်းလို့ ဘီဘီစီကို ပြောပါတယ်။

စစ်တွေမြို့နယ်က ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မရကျော်ကလည်း ကျောင်းတွေကို အစိုးရက ဖွင့်ထားပေမယ်လို့ မိဘတွေက သားသမီးတွေကို စိတ်ချလက်ချ ကျောင်းမလွှတ်ရဲသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။ စစ်တွေမြို့ စျေးကြီးကိုလည်း ဖွင့်ထားပေမယ့်လို့ သေသေချာချာ တာဝန်ယူ စောင့်ရှောက် ပေးထားတာမျိုး မဟုတ်ဘူးလို့လည်း သူက ထောက်ပြပါတယ်။

ရခိုင်ပြည်နယ်က အစကတည်းက ငြိမ်းချမ်းနေတဲ့ ပြည်နယ် ဖြစ်တယ်၊ အခန့်မသင့်လို့သာ အခုလို ပြဿနာတွေ ဖြစ်သွားတာ ဖြစ်တယ်၊ ဒုက္ခရောက်သူတွေကို အစိုးရဘက်ကရော ကုလသမဂ္ဂ ယူနီဆက်ဖ်ကပါ ကူညီမှုတွေ နိုင်သလောက် ပေးနေကြတယ်၊ မြစ်ချောင်း ဖြတ်သန်း သွားရတဲ့ ဒေသတွေဆီသာ အကူအညီတွေ ရောက်တာ နောက်ကျတာမျိုးပါလို့ ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။