မျိုးဆက်သစ် အဖွဲ့နဲ့ ရထား ဝန်ကြီးတွေ့

  • 26 ဇွန် 2012
kachin
Image caption ကချင်မှာ ပြည်တွင်းစစ် ပြန်ဖြစ်တာ တနှစ်ကျော် ရှိသွားပြီ ဖြစ်

Generation Wave လို့ သိကြတဲ့ မျိုးဆက် သစ် လူငယ်များ အဖွဲ့က ခေါင်းဆောင် တချို့နဲ့ ရထား ဝန်ကြီး ဉီးအောင်မင်းတို့ ပြီးခဲ့တဲ့ အပတ်က တွေ့ဆုံခဲ့ပါတယ်။

ငြိမ်းချမ်းရေး ကိစ္စကို လုပ်နေသူချင်း တွေ့ဆုံ သင့်တယ်လို့ ဆုံးဖြတ်ပြီး မျိုးဆက်သစ် လူငယ်များ အဖွဲ့က တွေ့ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ အဖွဲ့ ကိုယ်စားလှယ် ကိုဘိုဘိုက ဘီဘီစီကို ပြောပါတယ်။

တွေဆုံရာမှာ အဓိက အားဖြင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောဖြစ်ခဲ့တယ်လို့ ပြောပြီး သူတို့အဖွဲ့ လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှုတွေကို ရထား ဝန်ကြီးကို ရှင်းပြခဲ့တယ်လို့ ကိုဘိုဘိုက ပြောပါတယ်။

ရထားဝန်ကြီးက လူငယ်တွေအနေနဲ့ စွမ်းအားမြှင့်တင်ရေး ကပယ်စစ်တီ ဘီးလဒင်း လုပ်ဆောင်သင့်တဲ့ အကြောင်း ပြောတယ်လို့ ပြောပြပါတယ်။

မျိုးဆက်သစ် လူငယ် အဖွဲ့က သူတို့ လတ်တလော လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ဉီးအောင်မင်းလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေကို တဉီးချင်း အမြင် ပြောရရင်'ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရှိနေတယ်လို့ ပြောလို့ရကြောင်း' ကိုဘိုဘိုက ဘီဘီစီကို ပြောပြပါတယ်။

တဘက်မှာ ငြိမ်းချမ်းရေး ကိစ္စကို နိုင်ငံရေး ပြဿနာ အဖြစ်လည်း မြင်တယ်လို့ ကိုဘိုဘိုက ဘီဘီစီကို ပြောပါတယ်။