တရုတ် နယ်စပ်ရောက် ကချင် ဒုက္ခသည်တွေ အကူအညီ လိုအပ်နေ

  • 26 ဇွန် 2012
Yunan Kachin Refugees ဓာတ်ပုံ မူပိုင် HUMAN RIGHTS WATCH
Image caption ယူနန် ပြည်နယ်ရောက် ကချင် ဒုက္ခသည်တွေ စားစရာနဲ့ ကျန်းမာရေး အကူအညီ လိုအပ်နေ

ကချင် ပြည်နယ်မှာ ၂၀၁၁ ခု ဇွန်လ ကတည်းက စတင်ခဲ့တဲ့ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော်နဲ့ အစိုးရ စစ်တပ်ကြား ဖြစ်ပွား နေတဲ့ စစ်ပွဲတွေကြောင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ် ထဲကို ထွက်ပြေး ခဲ့ကြတဲ့ ကချင် စစ်ပြေး ဒုက္ခသည်တွေ ဟာ အခုချိန်ထိ စားနပ်ရိက္ခာ ဆေးဝါးနဲ့ နေစရာ အလုံ အလောက် မရကြဘူးလို့ လူ့အခွင့်အရေး စောင်ကြည့်ရေးအဖွဲ့ Human Right Watch( HRW) က ပြောပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်း အထီးကျန် ဖြစ်နေတဲ့ ကချင် ဒုက္ခသည်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇွန်လ ၂၆ ရက် နေ့က ထုတ်ပြန်တဲ့ HRW ရဲ့ အစီရင်ခံစာမှာ ကချင် ပြည်နယ်က တိုင်ပွဲတွေကြောင့် ယူနန် ပြည်နယ်ထဲကို ထွက်ပြေး လာတဲ့ ကချင် ဒုက္ခသည် ၇ ထောင်ကနေ တသောင်း လောက်ရှိတယ်လို့ ဖေါ်ပြထား ပါတယ်။

သူတို့ကို တရုတ် အစိုးရက ဒုက္ခသည်အဖြစ် အသိအမှတ် မပြုတဲ့ အပြင် ဘာ အကူအညီမှ မပေး တာကြောင့် ဒုက္ခ ပိုရောက် နေကြ ရတယ်လို့ ဆိုပါတယ်။

HRW ရဲ့ အာရှ ဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ဖေးလ် ရောဘတ်ဆန်က ဒုက္ခသည်တွေရဲ့ အခြေ အနေ အလွန် ဆိုးနေပြီး တရုတ် အစိုးရဆီက စားစရာ နေစရာနဲ့ ကျန်းမာရေး ထောက်ပံ့မှု ဘာမှ မရဘူး လို့ ပြော ပါတယ်။

တစ်နှစ်ကျော်ကြာ ဒုက္ခသည် ဘဝ မှာ နေလာကြရသူတွေဟာ ထွက်ပြေးတုန်းက ပါလာတဲ့ ငွေကြေးတွေ ကုန်သွားပြီး စားစရာ မရှိလို့ အလုပ်လုပ် ကြတဲ့ အခါ တရုတ် အလုပ်ရှင်တွေက အခွင့်ကောင်းယူတာ၊ အာဏာပိုင်တွေက အနိုင်ကျင့်တာတွေ ရှိတယ်လို့ HRW ရဲ့ အာရှ ဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူးက ပြောပါတယ်။

အခု အစီရင် ခံစာကို ယူနန်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံတွင်း အိုးမဲ့ အိမ်မဲ့ ထွက်ပြေး နေတဲ့ ဒုက္ခသည်တွေနဲ့ မေးမြန်းမှု ၁၀၀ ကျော် လုပ်ပြီး ရေးတာလို့ ပြော ပါတယ်။

တရုတ် အစိုးရ အနေနဲ့ ဒုက္ခသည် အဖြစ် အသိ အမှတ်ပြုပြီး အကူအညီ ပေးသင့်တဲ့ အပြင် UNHCR နဲ့တခြား အကူအညီ ပေးရေး အဖွဲ့တွေ ယူနန် နယ်ထဲကို ဝင်ခွင့်ပေးဖို့ HRW က တိုက်တွန်းခဲ့ ပါတယ်။

မြန်မာအစိုးရ အနေနဲ့ လည်း မြန်မာ နိုင်ငံတွင်း အိုးမဲ့ အိမ်မဲ့ ထွက်ပြေး နေတဲ့ ဒုက္ခသည်တွေကို ကူညီခွင့်ရအောင် အဲဒီလို အဖွဲ့တွေကို ဝင်ခွင့် ပေးဖို့လည်း တိုက်တွန်းလိုက် ပါတယ်။

ယူနန် ပြည်နယ် နောင်တောင်း မြို့နယ် အတွင်းက ရန်လု လောဖိုင့်၊ နားကောင်းကောင့်၊ ငါနောင်ပါ၊ ခါ့ဒေါင်းပါ၊ လုံကောက် စတဲ့ ဒုက္ခသည် စခန်း ၆ ခုမှာ အိမ်ထောင်စုပေါင်း တစ်ထောင်လောက်၊ လူဦးရေ အားဖြင့် ငါးထောင်လောက် ကို အကူအညီ ပေးနေသူ တွေထဲက တစ်ယောက် ဖြစ်တဲ့ ဒေါ် မရမ် လုလု ကတော့ စောစောပိုင်းက တရုတ်အစိုးရက ဒုက္ခသည်တွေကို မောင်းထုတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတို့ ချမှတ်ထားတဲ့ စည်းကမ်း အတိုင်း လိုက်နာရင် နားလည်မှုနဲ့ နေထိုင်ခွင့် ပြုလာတယ်လို့ ပြောပါတယ်။

စားနပ် ရိက္ခာနဲ့ နေစရာ ပံ့ပိုးတာ မရှိပေမဲ့ နောင်တောင်း မြို့နယ် တဝိုက်မှာ နေထိုင်ကြသူတွေကို ကျန်းမာရေး စောင့်ရှောက်မှု၊ ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို တရုတ် အစိုးရ ဘက်က လုပ်ဆောင် ပေးတယ်လို့ ဒေါ် မရမ် လုလုက ပြော ပါတယ်။

ဒါပေမဲ့ မိုးတွင်း အခါ ရောက်လာပြီဖြစ်လို့ ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးတွေ ပညာရေးနဲ့ စားစရာ ကတော့ အရေး တကြီး လိုအပ် နေတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ