BBC navigation

ဝန်ကြီးဦးအောင်မင်း ABSDFအပါအဝင် တခြားအဖွဲ့တွေကို တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 26 ဇွန်လ 2012 - 17:01 GMT

ဒေါက်တာစင်သီယာမောင် ဦးဆောင်တဲ့ မယ်တော် ဆေးခန်းအဖွဲ့နဲ့ လည်းတွေ့ဆုံခဲ့ပါတယ်

မြန်မာအစိုးရ ငြိမ်ချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က မီးရထား ပို့ဆောင်ရေး ပြည်ထာင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ အင်္ဂါနေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကရင်အမျိုးသား အစည်းအရုံး KNU အပါအဝင်၊ တခြား စစ်ရေး နိုင်ငံရေး၊ ကျန်းမာရေး အဖွဲ့တွေနဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ ဒေါက်တာ စင်သီယာမောင် ဦးဆောင်တဲ့ မယ်တော် ဆေးခန်းအဖွဲ့၊ ABSDF ဒုတိယ ဥက္ကဌ ဦးမျိုးဝင်း ဦးဆောင်တဲ့အဖွဲ့၊ KUN အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်တဲ့ အဖွဲ့၊ NLD လွတ်မြောက်နယ်မြေ ဒုတိယ ဥက္ကဌ ဒေါက်တာအေးကျော် ဦးဆောင်တဲ့ အဖွဲ့နဲ့ FDB ဥက္ကဌ ဒေါ်ခင်ဥမ္မာ ဦးဆောင်တဲ့ အဖွဲ့တွေနဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

ဝန်ကြီး ဦးအောင်မင်းက KNU နဲ့ သြဂုတ်လထဲမှာ ပြည်ထောင်စု အဆင့် တရားဝင် ဆွေးနွေးတော့မှာ ဖြစ်ကြောင်းနဲ့၊ ကျန်တဲ့ အဝေးရောက် အဖွဲ့တွေက တတ်သိ ပညာရှင်တွေကို ပြည်တွင်းမှာ ပြန်လာပြီး တရားဝင် လုပ်ဆောင်ကြဖို့ လာခေါ်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ပြန်လာချင်သူတွေ အနေနဲ့ သမ္မတ ထံမှာ လျှောက်ထားရမှာ ဖြစ်ပြီး၊ သမ္မတကနေ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁ ကို ဖြုတ်ပေး ပြီးတာနဲ့ ပြန်လာလို့ ရပြီဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

ဒေါ်စင်သီယာမောင် ဆေးခန်းအတွက်လည်း လိုအပ်တဲ့ ကူညီမှုတွေ ပေးသွားမှာ ဖြစ်ပြီး၊ တကယ်လို့ သူ့အနေနဲ့ မြန်မာနိုင်ထဲ ပြန်လာပြီး ကျန်းမားရေး လုပ်ငန်းတွေ လုပ်ချင်တယ် ဆိုရင်လည်း အကူအညီ ပေးမယ်လို့ ဦးအောင်မင်းက ပြောပါတယ်။

ထိုင်း မြန်မာနယ်စပ်မှာ စစ်ရေး၊ နိုင်ငံရေး၊ ကျန်းမာရေးနဲ့ လူမှုရေး ဆောင်ရွက်နေတဲ့ မြန်မာ အတိုက်အခံ အဖွဲ့အစည်းတွေ မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင်၊ နိုင်ငံရေး ဆက်လုပ်မလား၊ ဒါမှမဟုတ် လူမှုရေးပဲ လုပ်မလား၊ မိသားစုပဲနဲ့ အတူနေထိုင် လုပ်ကိုင်စားသောက်မလား၊ အဲဒီအတွက် အကူအညီ ပေးသွားမယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

ဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ NLD လွတ်မြောက် နယ်မြေ ဒုတိယဥက္ကဌ ဒေါက်တာ အေးကျော် ကလည်း ဦးအောင်မင်း အနေနဲ့ စေတနာရှိတာကို တွေ့ရကြောင်း၊ ပြည်တွင်းကို ပြန်ဝင်ချင်တဲ့ အဖွဲ့ဝင် အရေအတွက်ကို အရင် ပြုစုပေးဖို့နဲ့ ဝန်ကြီးက အဲဒီစာရင်းတွေကို သမ္မတ ထံ တင်ပြပေးမယ်လို့ ပြောကြောင်း ဘီဘီစီကို ရှင်းပြပါတယ်။

မနက်ဖြန် ဗုဒ္ဓဟူးနေ့ မနက်မှာတော့ ဝန်ကြီးနဲ့ အဖွဲ့ဟာ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို သွားပြီး အလှူငွေ ပေးအပ်မယ်လို့ သိရပါတယ်။

တနင်္လာနေ့ကလည်း ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ DPNS နဲ့၊ FTUB မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ချုပ်တို့ကို သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။