ဘိန်းနဲ့ ဆေးပြား အထွက်တိုးဆဲ

  • 27 ဇွန် 2012
opium burma ဓာတ်ပုံ မူပိုင် AFP
Image caption မူးယစ်ဆေးဝါး နှိမ်နင်းရေး အားလုံး လက်တွဲသင့်

၂၀၁၁ ခုနှစ် UNODC အစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အာဖဂန်နစ္စတန် ပြီးရင် ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံလို့ ဖေါ်ပြ ထားပါတယ်။

အရှေ့တောင်အာရှ မှာ ဘိန်းနဲ့ ဘိန်းထွက် ဟီရိုးအင်း မော်ဖိန်း မူးယစ်ဆေးဝါးနဲ့ Meth လို့ခေါ်တဲ့ မက်အင် ဖက်တမိန်း စိတ်ကြွဆေး ထုတ်လုပ်မှုနဲ့ ရောင်းချမှု တိုးတက် လာပြီး ဒီနှစ်ခု စလုံးမှာ မြန်မာနိုင်ငံ ပါဝင် ပတ်သက် နေတယ်လို့ UNODC က ထုတ်ပြန်တဲ့ ကမ္ဘာ့ မူးယစ် အစီရင်ခံစာမှာ ဖေါ်ပြထား ပါတယ်။

အခု လက်ရှိ မြန်မာ အစိုးရသစ် တက်လာပြီး နောက်ပိုင်း မူးယစ်ဆေး ထုတ်လုပ်မှု မှောင်ခို ရောင်းဝယ်မှု တွေကို ကြိုးပမ်း နှိမ်နင်း နေတာ အားရ စရာ လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှု ကာကွယ်တားဆီးရေး အရှေ့အာရှ နဲ့ပစိဖိတ် ဆိုင်ရာ ကိုယ်စားလှယ် Gary Lewis က ဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်တွဲ ပူးပေါင်းတာ ရှိသလို လူမှု အဆောက်အအုံ အစိုးရ တို့က ပါဝင်ကြဖို့ လိုတယ်လို့ ဖြေပါတယ်။

UNODC က ရှမ်းပြည်နယ်မှာ ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးရေး တွေ ကျင့်သုံး လျက်က ဘိန်းထုတ်လုပ်မှု တိုးနေ တာက ဟိုပင်နဲ့ လွိုင်လင် မှာသာ လုပ်ခွင့်ရ ပြီး လုပ်ချိန်က မကြာသေး သလို လုံခြုံရေး အတားအဆီးတွေ ရှိနေတယ်၊ မကြာခင်က အပစ်ရပ် ခဲ့တဲ့ နေရာ တွေမှာတော့ ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့က ဘိန်းခင်း ဖျက်ခံရတဲ့ ဒေသခံ တွေအတွက် အကူအညီ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ် မှုတွေမှာ အစိုးရ စစ်တပ်နဲ့ အပစ်အခတ် ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ ပါဝင် နေတာ ကတော့ စစ်ဖြစ်တဲ့ နေရာမှာ တရားမဝင် လုပ်ငန်း တွေက အခွင့်ကောင်း ယူသူ တွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းမှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ အစိုးရသာ မက လူမှု အသိုင်းအဝိုင်းနဲ့ ကျေးရွာ မိသားစုတွေထိ ပါဝင်ကာ ပညာပေးတာတွေ၊ ကုသတာတွေအပြင် ဥပဒေ ချမှတ် လှုပ်ရှားသင့်တယ်လို့ Gary Lewis က ဖြေကြား ခဲ့ပါတယ်။