ဝန်ကြီး ဦးအောင်မင်း ဒေါက်တာ စင်သီယာနဲ့ တွေ့

  • 27 ဇွန် 2012

မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ ဟာ ဇွန်လ ၂၇ ရက်နေ့က ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်းကို သွားရောက်ခဲ့ ပါတယ်။

Image caption ထိုင်း မြန်မာ နယ်စပ်က မြန်မာ အဖွဲ့ အစည်း တွေကို ဝန်ကြီး ဦးအောင်မင်း တွေ့ဆုံ

ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ လူနာဆောင် တွေကို လိုက်လံ ကြည့်ရှု့ပြီးတဲ့ နောက် မြန်မာ နိုင်ငံသား တွေကို ဆေးဝါး ကုသ ပေးတဲ့ အတွက် ဒေါက်တာစင်သီယာရဲ့ စေတနာကို အသိ အမှတ်ပြု ကျေးဇူး တင်ကြောင်း မြန်မာ နိုင်ငံ အစိုးရ ကိုယ်စား ဦးအောင်မင်းက ပြောခဲ့ပြီး ဆေးခန်း အတွက် ထိုင်း ဘတ်ငွေ တစ်သိန်း ငါးသောင်း လှူခဲ့ ပါတယ်။

ဒေါက်တာ စင်သီယာမောင်ကို မြန်မာနိုင်ငံ ပြန်လာပြီး၊ ဒီလို အလုပ်တွေကို လုပ်စေချင် ကြောင်းနဲ့ တကယ်လို့ ပြန်လာမယ် ဆိုရင် ဒေါက်တာ စင်သီယာမောင် အတွက် ဆေးရုံကြီး တစ်ရုံ ဆောက်လုပ် ပေးပြီး အခုလို ဆက်လက် ဆေးဝါး ကုသ နိုင်အောင် ဆောင်ရွက် ပေးမယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒေါက်တာ စင်သီယာမောင် ကတော့ သူ့ အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် ကို ရှင်းရှင်း လင်းလင်း မသိရ သေးလို့ စောင့်ကြည်ရ ဦးမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ကြားမှာ မြန်မာ ပြည်သူတွေ အမြဲ ကူးလူး သွားလာ နေကြဦးမှာ ဖြစ်ပြီး သူတို့နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ထိုင်း အစိုးရနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက် ရမှာတွေ ရှိသေး လို့ မယ်တော် ဆေးခန်းဟာ နယ်စပ်မှာ အခြေပြုပြီး ဆက်လက် ရှိနေ ဦးမယ်လို့ ဒေါက်တာ စင်သီယာက ပြောပါတယ်။

အခု ခရီးစဉ်ဟာ ကေအန်ယူနဲ့ သြဂုတ်လ ကျရင် ဆွေးနွေးမယ့် ကိစ္စကို အလွတ် သဘော လာရောက် ဆွေးနွေးတာ ဖြစ်သလို တဖက် ကလည်း ထိုင်းနိုင်ငံက မြန်မာ့နိုင်ငံရေး လှုမှုရေးနဲ့ ကျန်းမာ ရေး အဖွဲ့အစည်း တွေကို မြန်မာနိုင်ငံ ဆီပြန်ကြဖို့ လာခေါ်တာလို့ ဝန်ကြီးက ပြောပါတယ်။

ပြည်ပကို အကြောင်း အမျိုးမျိုးနဲ့ ရောက်နေ ကြသူတွေ ကိုယ့်နိုင်ငံ ပြန်နိုင်အောင် ကြမယ့် အခင်းအကျင်း အသစ် လည်း မြန်မာ နိုင်ငံမှာ ဖြစ်နေ ပြီလို့ သတင်းထောက် တွေကို ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ခေတ် စနစ် ပြောင်းသွားပြီ၊ ဒီမို ကရေစီ လမ်းကြောင်းပေါ် တက်လှမ်း နေပြီ ဆိုတာ အားလုံး သိဖို့လိုတဲ့ အကြောင်းနဲ့ အရင်က စနစ်ကြောင့် လုပ်လို့ မရတာတွေကို အခု လုပ်လို့ ရနေပြီမို့ ပြန်လာဖို့ စိုးရိမ် စရာ မလိုဘူးလို့ ဆိုပါတယ်။

ပြည်ပရောက် မြန်မာ တွေ အိမ်ပြန်လာချင်ရင် တဦးချင်း ဖြစ်စေ အဖွဲ့ အလိုက် ဖြစ်စေ သမ္မတ ဆီကို တိုက်ရိုက် စာနဲ့ ဆက်သွယ် နိုင်ကြောင်းနဲ့ သူ့ ဘက်ကလည်း အကောင်းဆုံး ကူညီ မယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ