နိုင်ငံရေးလမ်းသစ်ပေါ်မှာ လူဟောင်းတွေချည်း မလျှောက်သင့်

DASSK Hollande ဓာတ်ပုံ မူပိုင် AFP
Image caption ရောက်တဲ့နေ့မှာပဲ ပြင်သစ်သမ္မတက ကြိဆိုခဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ငါးနိုင်ငံ ဥရောပ ခရီးစဉ်ရဲ့ နောက်ဆုံးနိုင်ငံအဖြစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို အင်္ဂါနေ့က ရောက်လာပြီး သူရောက်ပြီး မကြာခင်မှာပဲ သမ္မတ ဖရန်ဆွာ အော်လန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာပြည် ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှု လုပ်ငန်းတွေမှာ သက်ဆိုင်တဲ့သူ အားလုံးကို ထောက်ခံကူညီသွားမယ်လို့ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းက ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံဟာ လမ်းသစ်တစ်ခုပေါ်ကို ရောက်စပြုနေပြီလို့ ပြောကြပါတယ်။ ဒါပေမယ့် ဒီလမ်းသစ်ပေါ်မှာ လူဟောင်းတွေကြီးပဲ လျှောက် မနေသင့်ပဲ လူသစ်တွေလည်း လျှောက်ခွင့် ရှိပါမှ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ် ဟာ အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှု ဖြစ်မယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဒီမိုကရေစီအသွင်းကူးပြောင်းရေးမှာ ရိုးရိုးသားသားလုပ်ဆောင်သူအဖြစ် မြင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောခဲ့သလို ပြင်သစ် သမ္မတ မစ္စတာ ဖရန်ဆွာ အော်လန်းကလည်း သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြင်သစ်ကို လာချင်တယ်ဆိုရင် လက်ခံဖို့ အသင့်ရှိတဲ့ အကြောင်းလည်း ပြောခဲ့ပါတယ်။

ပြင်သစ်နိုင်ငံက တော့ မြန်မာ့နိုင်ငံရဲ့ စွမ်းအင် လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံထားတဲ့ Total ကုမ္ပဏီကြီး ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါကြောင့် စီးပွားရေးနဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ မေးခွန်းတွေကို ခေါင်းဆောင်နှစ်ဦးကို မေးကြပါတယ်။

'ရင်းနှီးမြှပ်နှံမှုတိုင်းကို ကျွန်မ လက်ခံတယ်လို့ ပြောလို့ မရပါဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အထောက်အကူ ဖြစ်စေနိုင်တဲ့ ရင်းနှီးမြှပ်နှံမှုကိုပဲ လိုချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ရင်းနှီးမြှပ်နှံမှု လုပ်ရာမှာလည်း အကောင်းဆုံး ကျင့်ဝတ် ကျင့်ထုံးတွေ လုပ်နည်းကိုင်နည်းတွေအပေါ် အခြေခံမှပဲ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်မယ်၊ လူ့အခွင့်အရေးကိုလည်း လေးစားရာ ရောက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရင်းနှီးမြှပ်နှံမှုတွေမှာ တာဝန်သိမှုနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုတဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နာရီဝက်လောက်ကြာတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မေးခွန်းအများအပြား မေးကြတဲ့အထဲမှာ ဒေါ်အောင်ဆန်း စုကြည်က ပြင်သစ်စာကိုလည်း လေ့လာထားသူ ဖြစ်တဲ့အတွက် ပြင်သစ်ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့မှာ ပြင်သစ်ရောက် မြန်မာတွေနဲ့ တွေ့ဖို့ရှိသလို၊ ပဲရစ်မြို့တော်ဝန်က ၂၀၀၄ တုန်းက ပေးအပ်ခဲ့တဲ့ ဂုဏ်ထူးဆောင် ပဲရစ်မြို့သူ ဆုနဲ့ပတ်သက်ပြီးလည်း စကားပြောဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ