BBC navigation

အစိုးရ သတင်းစာ တွေ ပြောင်းလဲဖို့ နီးပြီလား

နောက်ဆုံး ရေးသားချိန် 27 ဇွန်လ 2012 - 17:08 GMT
Burmese Newspaper

လက်ရှိ အစိုးရ သတင်းစာ တွေကို လူတွေ စိတ်ဝင် စားမှု အားနည်း

မြန်မာ အစိုးရ သတင်းစာ တွေမှာ ဒီမိုကရေစီ နည်းကျ ပြောင်းလဲ လာရေးနဲ့ ပတ်သက်တဲ့ စာတမ်း ဖတ်ပွဲကို ဇွန်လ ၂၇ ရက် နေ့က နေပြည်တော်မှာ ကျင်းပခဲ့ရာမှာ ဘယ်လို ပြောင်းလဲ သင့်တယ် ဆိုတာ တင်ပြ ဆွေးနွေး ခဲ့ကြ ပါတယ်။

နိုင်ငံ တကာက နာမည်ကျော် သတင်းစာကြီး တွေရဲ့ သတင်း တင်ပြမှု အခြေ အနေနဲ့ ပြည်တွင်းထုတ် သတင်းစာ တွေရဲ့ အခြေ အနေကို နှိုင်းယှဉ် တင်ပြတဲ့ စာတမ်းကို တင်သွင်း ခဲ့တဲ့ ဆရာ ဦးဟိန်းလတ်က အဲဒီ ပွဲမှာ စာတမ်း တင်သူ တွေရဲ့ တင်ပြချက်တွေ အကြောင်း ဘီဘီစီကို ပြောပြ ရာမှာ အားလုံး သဘောထား တူညီတဲ့ အချက် တစ်ချက်ကို ပြောပြ ပါတယ်။

အဲဒါ ကတော့ သတင်းစာ တွေရဲ့ မျက်နှာဖုံးမှာ ပြည်ထောင်စု ဝန်ကြီးတွေ နိုင်ငံ တခွင် သွားလာတာ၊ သမ္မတက ပြည်ပ နိုင်ငံ တစ်ခုခုရဲ့ သံအမတ်ကို ခန့်အပ်လွှာ ပေးတဲ့ သတင်းလောက်ကို ဓါတ်ပုံကြီးတွေနဲ့ ဖော်ပြမယ့် အစား လူတွေ သိချင်တဲ့ တန်ဖိုး ရှိတဲ့ သတင်း တွေကို မျက်နှာဖုံးနဲ့ နောက်ကျောဖုံးမှာ ဖော်ပြဖို့ အကြံပြုကြတယ်လို့ သူက ပြောပါတယ်။

၁၉၆၂ ခုနှစ် မတိုင်ခင်က သတင်းစာ ဆရာကြီးတွေက လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ တွေကို သုံးသပ် တင်ပြတဲ့ ဆောင်းပါးမျိုး တွေထည့်ခဲ့ သလို အခု သတင်းစာ တွေမှာလည်း ထည့်သွင်း ဖို့လည်း အကြံ ပြုခဲ့ တယ်လို့ ဦးဟိန်းလတ်က ပြောပါတယ်။

မှန်ကန် မြန်ဆန်ပြီး ဘက်လိုက်မှု ကင်းတဲ့ သတင်းတွေကို တင်ပြဖို့နဲ့ ပြည်သူကို အခြေခံပြီး ပြည်သူ့ အသံ များများ ပါတဲ့ သတင်းတွေကို တင်ပြဖို့ လိုတယ် လို့လည်း ဆိုပါတယ်။

စာတမ်း ဖတ်ပွဲကို စာရေး ဆရာ တက္ကသိုလ် မြတ်သူ၊ စာရေး ဆရာကြီး ဦးရဲတင့်တို့ တက်ရောက် ခဲ့ပြီး အစိုးရ ဘက်က ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း တက်ရောက်ခဲ့ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။