လှိုင်သာယာ အိုးအိမ် တရားစွဲသူတွေ အဖမ်းခံရ

  • 29 ဇွန် 2012
burma ဓာတ်ပုံ မူပိုင် Reuters
Image caption ကျူးကျော် ရပ်ကွက် မြင်ကွင်း

ရန်ကုန် လှိုင်သာယာ မြို့နယ်မှာ ကျူးကျော် နေထိုင်မှုနဲ့ အိုးအိမ်က တရားစွဲထားသူ အိမ်ထောင်စု ၂၈ ခုက လူတွေကို လှိုင်သာယာ တရားရုံးမှာ ရုံးချိန်း ချိန်းပြီးနောက် တရားရုံးက ခေတ္တ ထိန်းသိမ်းခဲ့ပါတယ်။

အဖမ်းခံခဲ့ရတဲ့ထဲမှာ မူလတန်း ခလေးငယ်တွေ အတွက် ဗေဒါ နံမယ်နဲ့ အခမဲ့ကျောင်း ဖွင့်လှစ်ထားတဲ့ ကိုမောင်စိုးနဲ့ ကိုမြင့်လှိုင်တို့လည်း ပါဝင်ပါတယ်။

တရားရုံးကို လိုက်ပြီး အဖမ်း ခံထားရသူတွေနဲ့ တွေ့ခွင့် တောင်းပေမယ့် တွေ့ခွင့် မရဘဲ တနင်္လာနေ့ကို ရုံးချိန်း ပေးလိုက်တယ်လို့ ကျူးကျော် အိမ်ထောင်စုတွေ ဘက်က လိုက်လံ ကူညီ ဆောင်ရွက် ပေးနေတဲ့ မစုစုနွေးက ဘီဘီစီကို ပြောပြပါတယ်။

သူတို့ကို ကျူးကျော် နေထိုင်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲထားတယ်လို့ မစုစုနွေးက ပြောပါတယ်။

အိမ်ထောင်စု ၂၈ စုက လူတွေအားလုံးကို တရားသူကြီးက ဆင့်ခေါ်ခဲ့ပြီး အာမခံ မပေးနိုင်တဲ့အတွက် တရားရုံးအချုပ်ခန်းမှာပဲ အဲဒီထဲက လူ ခုနှစ်ယောက်ကို ခေတ္တ ထိန်းသိမ်းခဲ့ပါတယ်။

လောလောဆယ် နိုင်ငံတော် သမ္မတဆီနဲ့ ပြန်လည် နေရာ ချထားရေး ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်ဆီ စာတင်မယ်လို့ မစုစုနွေးက ပြောပါတယ်။

အခု ကျူးကျော်မှုနဲ့ စွပ်စွဲ ခံထားရသူတွေ ထဲမှာ တချို့ဆိုရင် လက်ရှိ နေရာမှာ နေနေတာ အနှစ် နှစ်ဆယ် ဝန်းကျင်ထိ ရှိသွားပြီဖြစ်ပြီး လောလောဆယ် မိုးတွင်း ကာလလည်း ဖြစ်တာမို့ အနည်းဆုံး လောလောဆယ် ဒီနေရာမှာ နေခွင့်ပြုဖို့ အစိုးရဆီ မေတ္တာရပ်ခံစာ တင်မယ်လို့ မစုစုနွေးက ပြောပါတယ်။