ရခိုင်ပြည်နယ်မှာ တည်ငြိမ်စ ပြုပေမဲ့ စိုးရိမ် နေကြဆဲ

  • 28 ဇွန် 2012

ရခိုင် ပြည်နယ် အတွင်းမှာ တည်ငြိမ်စ ပြုနေပြီး စစ်တွေမြို့မှာ အခြေအနေတွေ အေးဆေး နေတယ်လို့ ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး အဖွဲ့ဝင် ဦးဝင်းမြိုင် က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဒုက္ခသည် စခန်း တွေမှာ တွေ့ရတဲ့ မွတ်ဆလင်များ

စစ်တွေမြို့ ဈေးကို ပြန်ဖွင့်တဲ့ အခါမှာ ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်ဆလင် တွေကြား ပြဿနာ တွေ ဖြစ်လာ နိုင်တာကို ကာကွယ်တဲ့ အနေနဲ့ နှစ်ဘက် ဘာသာရေး ခေါင်းဆောင်တွေ၊ စျေးမိ စျေးဖ တွေနဲ့ တိုင်ပင်ပြီး မွတ်ဆလင် ဆိုင်တွေထဲက ပစ္စည်းတွေကို ဝေသာလီ ဘောလုံး ကွင်းဆီ ပြောင်းရွှေ့ ပေးခဲ့တယ်လို့ ဦးဝင်းမြိုင် က ပြောပါတယ်။

စစ်တွေနဲ့ အနီး တဝိုက် အိုးမဲ့ အိမ်မဲ့ ဖြစ်နေသူ ဒုက္ခသည်တွေ အတွက် ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်းတွေ နဲ့ တခြား အဖွဲ့ တွေက လာရောက် လှူဒါန်း ကြပြီး သူတို့ကို မွတ်ဆလင် ဒုက္ခသည် စခန်းတွေဆီ သွားခွင့် မပြုဘူးလို့ ပြောနေကြတာ တွေ နဲ့ ပတ်သက်လို့တော့ ဦးဝင်းမြိုင်က အစိုးရ အနေနဲ့ ကန့်သတ်ချက် မရှိကြောင်း ဘယ် အဖွဲ့ပဲ လာလာ သွားခွင့် ပြုထားကြောင်း ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption စစ်တွေက ရခိုင် ဒုက္ခသည်များ

တခါ မောင်းတော မြို့မှာ အကြမ်းဖက်မှု နောက်ပိုင်း ကျောင်းဆရာ ဆရာမတွေ ဘဏ် ဝန်ထမ်းတွေ မိမိတို့ နေရပ်ရင်းကို ပြန်သွား ခဲ့ကြ သလို ဒေသခံ ရခိုင် တိုင်းရင်းသား တချို့ဟာ စစ်တွေနဲ့ ရန်ကုန်မြို့ တို့ဆီ ပြောင်း ရွှေ့ သွားခဲ့ ကြတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။

မောင်းတောမြို့မှာ လုံခြုံရေးတွေ ချထားပြီး ကျောက်ဖြူမြို့တို့မှာ သန်းခေါင် စာရင်း လိုက်စစ် နေတယ်လို့ ဒေသခံ တွေက ဘီဘီစီ ကို ပြောပါတယ်။

ဒီလို အခြေ အနေ ရှိနေချိန် မှာပဲ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ခဲ့တဲ့ ပဋိ ပက္ခ တွေနဲ့ ပတ်သက်လို့ ဗြိတိန် နိုင်ငံ ပါလီမန် ရဲ့ မြန်မာ နိုင်ငံ ဒီမို ကရေစီ ရရှိရေး ဆိုင်ရာ ပါတီပေါင်းစုံ အဖွဲ့ ရှေ့မှောက်မှာ BROUK မြန်မာ ရိုဟင်ဂျာ အဖွဲ့ အစည်း UK က ဦးစီးပြီး ရှင်းလင်း တင်ပြ ခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ဖြစ်ပွားအောင် အစိုးရ အဖွဲ့တွင်းက သဘောထား တင်းမာသူတွေ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP တို့က အကွက်ချ လုပ်ဆောင်တယ်လို့ စွပ်စွဲခဲ့ ပါတယ်။

BROUK ဥက္ကဌ ဦးထွန်းခင်ရဲ့ အဆို အရ ပြီးခဲ့တဲ့ ပဋိပက္ခမှာ သေဆုံးခဲ့သူ မွတ်ဆလင် အရေ အတွက်ဟာ အစိုးရက ထုတ်ပြန်ထားတဲ့ စုစုပေါင်း သေဆုံးသူ စာရင်းထက် ပိုများတယ်လို့ ရခိုင် ဒေသတွင်း မွတ်ဆလင် တွေကို ကိုးကားပြီး ပြော ပါတယ်။

RNDP ဘက်ကတော့ သူတို့ အနေနဲ့ BROUK ရဲ့ စွပ်စွဲချက်ထဲမှာ ပါသလို ပဋိပက္ခတွေ ဖြစ်အောင် လုပ်တယ် ဆိုတာ မဟုတ်ကြောင်း ငြင်းဆိုသွား ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် အတွင်းမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသား တွေဟာ အဘက်ဘက်က စော်ကား ခံနေရတဲ့ အတွက် နစ်နာမှုတွေကို စာနာ သင့်တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အထွေထွေ အတွင်း ရေးမှူး ဦးဦးလှစောက တုံ့ပြန် ပါတယ်။