ဒေါ်အောင်ဆန်းစုကြည်ကို လူထုက သောင်းသောင်းဖြဖြ ကြို

  • 30 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်း စုကြည်ကို ကိုယ့်သဘောနဲ့ကိုယ် လူထုကြီးက လာရောက်ကြိုဆိုခဲ့ကြ

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဥရောပ ၅နိုင်ငံ ခရီးစဉ် အပြီး စနေနေ့မနက်က ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။

သူ့ကို ရန်ကုန်လေဆိပ်မှာရော၊ အိမ်အပြန် လမ်းတလျှောက်မှာရော၊ တက္ကသိုလ် ရိပ်သာ နေအိမ် ရှေ့မှာပါ လူထုကြီးက သောင်းသောင်းဖြဖြ လာရောက် ကြိုဆိုခဲ့ကြပါတယ်။

လူထုကြီးနဲ့အတူ အနုပညာရှင်တွေကပါ ပန်းစည်း ပန်းကုံးတွေနဲ့ လာရောက် ကြိုဆိုခဲ့ကြပြီး လေဆိပ်တခုလုံး လူတွေနဲ့ ပြည့်နှက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ကားတန်း သွားရာ လမ်းတလျှောက်မှာ မီးပွိုင့်တွေကို အကုန်စိမ်းထားပေးတဲ့အတွက် အဆင်ပြေပြေ သွားနိုင်ခဲ့ကြောင်းနဲ့ အစိုးရပိုင်းက လာရောက် ကြိုဆိုတာမျိုး မရှိပေမယ့် သက်ဆိုင်ရာက လမ်းတလျှောက် ရဲတပ်ဖွဲ့ဝင်တွေ အင်အား အပြည့်ချထားပေးသလို လုံခြုံရေး အတွက်လည်း တာဝန်ယူ ဆောင်ရွက်ပေးတာ ရှိကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဘီဘီစီကို ပြောပြပါတယ်။

လူထုကြီးက ကိုယ့်သဘောနဲ့ ကိုယ် လာရောက် ကြိုဆိုကြတာ ဖြစ်ပြီး အာဏာပိုင် တွေထံက တားဆီးနှောင့်ယှက်တာမျိုး မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သီတင်း နှစ်ပါတ်ကြာ ခရီးစဉ်အတွင်း ဆွစ်ဇာလန်၊ နော်ဝေး၊ အိုင်ယာလန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေဆီ သွားရောက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ