အမေရိကန်သံအမတ်သစ် ဒဲရက်မစ်ချယ်လ်

  • 1 ဇူလိုင် 2012
mitchell ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် သံအမတ်သစ် ဒဲရက်မစ်ချယ်လ်

အမေရိကန် ပြည်ထောင်စုက မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ဒဲရက် မစ်ချယ်လ် ကို ခန့်အပ်ဖို့ သမ္မတ အိုဘားမား ကိုယ်တိုင် ရွေးချယ်ရာထား မှုကို အခု ဆီးနိတ် လွှတ်တော် ကနေ သောကြာနေ့က အတည်ပြု လက်ခံ လိုက်ပြီ ဖြစ်ပါတယ်။

ဒဲရက် မစ်ချယ်လ် ဟာ သံအမတ် တဉီး အနေနဲ့ မြန်မာ နိုင်ငံအတွက် အသင့်တော်ဆုံး ပုဂ္ဂိုလ် လို့ ဆိုနိုင်ပါ့မလား လို့ ၁၉၉၉ ကနေ ၂၀၀၂ အထိ သံရုံး ယာယီ တာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးတဲ့ ပရစ္စဆီလာ ကလက်ပ် ကို ဘီဘီစီက ဆက်သွယ် မေးမြန်း ခဲ့ရာမှာတော့ မစ္စတာ မစ်ချယ်လ်ဟာ ဒီသံအမတ် ရာထူးနဲ့ အသင့်တော်ဆုံး ပုဂ္ဂိုလ် ဖြစ်တယ်လို့ ဖြေကြား ခဲ့ပါတယ်။

ဆက်လက်ပြီး မစ္စတာ မစ်ချယ်လ်ဟာ ပြီးခဲ့တဲ့ တနှစ်လုံး မြန်မာ နိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှု လမ်းစပေါ် ရောက်အောင် မြန်မာ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို အားသွန် ခွန်စိုက် လုပ်နိုင်ခဲ့လို့ အောင်မြင်မှု တွေလည်း အများကြီး ရရှိ ခဲ့တဲ့ အကြောင်း၊ ဒါကြောင့်မို့ သူ့အနေနဲ့ သံအမတ် တာဝန် ထမ်းဆောင် ရာမှာလဲ အလွယ်တကူနဲ့ ကိုင်တွယ် ဆောင်ရွက် နိုင်မှာ ဖြစ်တဲ့ အကြောင်းနဲ့ မစ္စတာ မစ်ချယ်လ် ဟာ သူလုပ်ရမယ့် အလုပ် ဘာလဲဆိုတာကို တိတိကျကျ သိတဲ့ အကြောင်း တွေကို ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

တခါ မစ္စတာ မစ်ချယ်လ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက မြန်မာ အစိုးရ ရင်ဆိုင်ရမယ့် စိန်ခေါ်မှု တွေနဲ့ အတူတူ လို့ ထင်တဲ့ အကြောင်း၊ မြန်မာ အစိုးရက ပြည်သူတွေ အတွက် ပြုပြင် ပြောင်းလဲ မှုတွေ လုပ်မယ်လို့ ပြောထားလို့ အဲဒီကနေ အပြုသဘော ဆောင်တဲ့ ရလဒ်တွေ ထွက်လာမှု ရှိမရှိကို မစ္စတာ မစ်ချယ်လ်က စောင့်ကြည့်သွား ရမှာ ဖြစ်တယ်လို့ အရင် မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး ယာယီ တာဝန်ခံဟောင်း ဖြစ်သူ ပရစ္စဆီလာ ကလက်ပ် က ဘီဘီစီကို ဖြေကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ