ဝန်ကြီးသုံးပါးရဲ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ

  • 1 ဇူလိုင် 2012
Image caption ဘင်္ဂါလီ မွတ်ဆလင်တွေကို နိုင်ငံသား အဖြစ်တော့ ပေးမှာ မဟုတ်ဘူးလို့ ဝန်ကြီးက ပြောပါတယ်

မြန်မာနိုင်ငံ ပြည်ထောင်စု ဝန်ကြီး သုံးပါး စုပေါင်းပြီး သတင်းစာ ရှင်းလင်းပွဲ တရပ်ကို နေပြည်တော်မှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ ပါတယ်။

စက်မှုဝန်ကြီး ဦးစိုးသိန်း၊ မီးရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနဲ့ လူဝန်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ တို့က နေပြည်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး၊ အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး၊ မေးသမျှ တွေကို ရှင်းပြ ဖြေကြားပေးခဲ့ တာဖြစ်ပါတယ်။

လဝက ဝန်ကြီး ဦးခင်ရီကတော့ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေ အကြောင်းရှင်းပြရာမှာ၊ အဲဒီမှာ ဘင်္ဂါလီ မွတ်ဆလင်တွေ ၁၀ သိန်းလောက် ရှိကြောင်းနဲ့ နေထိုင်ခွင့် အဖြူရောင် ကဒ်တွေ ပေးထားတဲ့ မွတ်ဆလင်တွေက ၁ သိန်း ၂ သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။

အဲဒီသူတွေကို နိုင်ငံသား အဖြစ်တော့ ပေးမှာ မဟုတ်ကြောင်း၊ နောက်ပြီး အဲဒီက အခြေအနေတွေနဲ့ ပတ်သက်ပြီး ကွင်းဆင်း လေ့လာဦးမှာ ဖြစ်ကြောင်းကိုလည်း ဦးခင်ရီက ပြောကြားသွား တယ်လို့ အဲဒီမှာ သတင်းသွားယူခဲ့တဲ့ သတင်းထောက် တဦးက ဘီဘီစီကို ပြန်ရှင်းပြပါတယ်။

မီးရထားဝန်ကြီး ဦးအောင်မင်းကတော့ ကေအိုင်အေ ကိစ္စနဲ့ ပတ်သက်ပြီး အခြေအနေ ကောင်းလာပြီး၊ အောင်မြင်ဖို့ ရှိကြောင်းနဲ့ သူ့အနေနဲ့ ထာဝရ ငြိမ်းချမ်းရေး အဆင့်အထိကို ရည်မှန်းထား ကြောင်း ပြောကြားသွားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရေးနဲ့ ပတ်သက်ပြီး၊ ဝန်ကြီးဦးစိုးသိန်းက ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေတွေ ထွက်လာမယ့် အချိန်ကို စောင့်မနေဘဲ လာရောက် ရင်းနှီးကြ ဖို့ကို ပြောကြား သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ