SSA မြောက်ပိုင်းနဲ့အစိုးရတပ်တိုက်ပွဲဖြစ်

  • 2 ဇူလိုင် 2012
ssa_sspp_soldiers ဓာတ်ပုံ မူပိုင် no credits
Image caption SSA မြောက်ပိုင်းတပ်ဖွဲ့

ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ ဦးသိန်းစိန် က မြန်မာ့ တပ်မတော် ကို SSA မြောက်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေးပါတီ SSPP နဲ့ တိုက်ပွဲ တွေ ဆက်မဖြစ် ဖို့ ညွှန်ကြားထားပေမယ့် ပြီးခဲ့တဲ့ ရက်ကပဲ နှစ်ဖက် တပ်ဖွဲ့တွေ ဟာ ရှမ်းပြည်မြောက်ပိုင်း မိုင်းရှူးမြို့နယ် မိန်းအွတ် ကျေးရွာအုပ်စု ဘက်မှာ လက်နက်ကြီးတွေ နဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ကြပါတယ်။

SSA မြောက်ပိုင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နဲ့ မန္တလေး မြို့မှာ တနာရီ ကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သမ္မတ ဦးသိန်းစိန် အမိန့် နဲ့ နှစ်ဖက်တပ်ဖွဲ့တွေ တိုက်ပွဲ ဆက်မဖြစ်ဖို့၊ မိမိတို့ တပ်စွဲထားရာ နေရာ မှာပဲ စခန်းချဖို့ အပါအဝင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖေါ်ဆောင် သွားနိုင်ရေး သဘောတူခဲ့ကြတာပါ။

ဒါ့အပြင် နောက်ထပ် တိုက်ပွဲ မဖြစ်အောင် အစိုးရ တပ်ကနေ SSA မြောက်ပိုင်းတပ်ဖွဲ့ ကို ၄င်းတို့ရဲ့ လွိုင်ဖါဖိန့် အခြေစိုက် စခန်းကို ဆုတ်ခိုင်းခဲ့တာကို SSA မြောက်ပိုင်းတပ်ဖွဲ့က လက်ခံပြီး တပ်ဆုတ်ပေးခဲ့ ကြောင်း ဗိုလ်မှူးစိုင်းလ က ဘီဘီစီ ကို ပြောပါတယ်။ ဒါပေမယ့် အစိုးရတပ် ဖက် ကတော့ ပြန် မရုပ်သိမ်းတဲ့ အကြောင်း ဒါကိုလည်း နိုင်ငံတော် အကြီးအကဲ တွေ ဆီ တင်ပြ ညှိနှိုင်းပြီးပုံ ဗိုလ်မှူးစိုင်းလ က ရှင်းပြ ပါသေးတယ်။

SSA မြောက်ပိုင်းတပ်ဖွဲ့ ကိုတိုက်တဲ့ အစိုးရ တပ်ရင်းတွေ ကတော့ ခြေလျင်တပ်ရင်း ခလရ ၅၁၆၊ ၅၁ရ နဲ့ ခြေမြန်တပ်ရင်း ၁၄၉၊ ၁၅၀ တို့ ဖြစ်ကြောင်း၊ နှစ်ဖက်စလုံး မှာ ထိခိုက်ကျဆုံးမှု စါရင်း အတိအကျ မသိရပေမယ့် ဒဏ်ရာ ရသူတွေ ရှိကြောင်း ရှေ့တန်းရောက် SSA အရာရှိ တဦးက ဘီဘီစီ ကိုပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ