ဇူလိုင် ၇ ရက် ရွှေရတုပွဲ အာဏာပိုင်တို့ တားမြစ်

  • 2 ဇူလိုင် 2012
student union
Image caption ဇူလိုင် ၇ ရက် တွင် ဖောက်ခွဲ ခံခဲ့ရသော သမဂ္ဂ အဆောက် အဦး

ဇူလိုင် ၇ ရက် အရေး အခင်း နှစ်ငါး ဆယ်ပြည့် ရွှေရတု ပွဲ အခန်း အနား ကျင်းပ ပြုလုပ်မယ့် အစီအစဉ်တွေကို အာဏာပိုင် အဖွဲ့ အစည်းတွေဘက်က နှောင့်ယှက် တားမြစ် မှုတွေ လုပ်ခဲ့ကြ ပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပ ပြုလုပ်မယ့် တော်ဝင်နှင်းဆီ ခန်းမမှာ မပြုလုပ်နိုင်အောင် အာဏာပိုင်တွေက ခန်းမ ပိုင်ရှင်တွေကို သတိပေး ဟန့်တား ပိတ်ပင်ခဲ့တယ်လို့ ခန်းမနဲ့ သက်ဆိုင်သူတွေက ဘီဘီစီကို အတည်ပြု ပြောကြား ခဲ့ပါတယ်။

မန္တလေး မြို့မှာလည်း ဇူလိုင် ၇ ရက် အခန်းအနား ကျင်းပမယ့် ကျောင်းသား ခေါင်းဆောင် တွေကို အာဏာပိုင်တွေက အခန်း အနား မပြုလုပ်ဖို့ ခေါ်ယူ သတိပေး တားမြစ်ခဲ့ ပါတယ်။

လားရှိုးမြို့ မှာတော့ ဇူလိုင် ၇ ရက် အခန်းအနား အထိမ်း အမှတ် အဖြစ် ကျဆုံး ကျောင်းသားတွေကို ဆွမ်းသွပ် အမျှဝေမယ့် အခန်း အနားမှာ ကျောင်းသား တွေကို သမဂ္ဂ အင်္ကျီ မဝတ်ဖို့ တားမြစ် ခဲ့ပါတယ်။

တနိုင်ငံ လုံးက အခန်း အနားတွေကို ဦးဆောင် ပြုလုပ်မယ့် ဗမာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်တွေကို တိုက်ရိုက် ခေါ်ယူ တားမြစ်တာ မျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ကျောင်းသား ခေါင်းဆောင် တွေရဲ့ နောက်ကို ထောက်လှမ်းရေးလို့ ယူဆရ သူတွေက နောက်ယောင်ခံ လိုက်နေတယ်လို့ ဗကသ လုပ်ငန်း ကော်မတီ ဥက္ကဌ ကိုကျော်ကိုကို က ပြောပါတယ်။

အာဏာ ပိုင်တွေ ဘက်က တားမြစ် ပိတ်ပင် မှုတွေ၊ နှောင့်ယှက် ဟန့်တား မှုတွေ လုပ်နေတဲ့ ကြားက ဗကသက ဘာ့ကြောင့် ဇူလိုင် ၇ ရက် ရွှေရတု ပွဲကို ကျင်းပဖို့ ဆုံးဖြတ်ပါသလဲ။ ဒီလို အဖြစ်ဆိုးတွေ နောက်နောင် ထပ်မံ မဖြစ်ပွားအောင် သမိုင်း သင်္ခန်းစာ ယူကြဖို့လို့ ဗကသ လုပ်ငန်း ကော်မတီ ဥက္ကဌ ကိုကျော်ကိုကိုက ပြောပါတယ်။

၁၉၆၂ ခုနှစ် မတ်လမှာ စစ်တပ်က နိုင်ငံ အာဏာကို သိမ်းယူခဲ့ရာမှာ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ (တကသ) တို့က ချက်ချင်း ကန့်ကွက် ဆန့်ကျင်ခဲ့ ကြပါတယ်။

ဒီကန့်ကွက်မှု နောက်ပိုင်း လပိုင်း အကြာမှာ ကျောင်းဆောင်တွေရဲ့ အဆောင် ဥပဒေတွေကို တင်းကြပ် ပြဌာန်းခဲ့ပါတယ်။ ကျောင်းသားတွေက အဆောင် ဥပဒေကို ကန့်ကွက် ဆန္ဒပြခဲ့ရာမှာ အာဏာပိုင်တွေက ကျောင်းဝန်း ထဲအထိ ဝင်ရောက်ပြီး ကျောင်းသားတွေကို ပစ်ခတ် သတ်ဖြတ်ခဲ့ ကြရာမှာ ကျောင်းသား ပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ အဲဒီခေတ် သတင်းစာတွေမှာ ရေးသား ဖော်ပြခဲ့ ပါတယ်။

အစိုးရ အာဏာပိုင် တွေကတော့ ကျောင်းသား ဆယ်ဂဏန်းသာ သေဆုံးခဲ့ တယ်လို့ ဆိုပါတယ်။

အဲဒီ ခေတ်က နိုင်ငံခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးနေဝင်းနဲ့ ဦးအောင်ကြီးတို့ကြားမှာ သမဂ္ဂ အဆောက် အဦး ဖျက်ဆီး ဖြိုခွဲမှုကို ဘယ်သူ လုပ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး တယောက်ကို တယောက် လက်ညှိုးထိုး လွှဲချ မှုတွေ လုပ်ခဲ့ကြပါတယ်။