ဘင်္ဂလားဒေ့ရှ် ခရီးစဉ် သမ္မတ ဦးသိန်းစိန်ရွှေ့

  • 2 ဇူလိုင် 2012
ရခိုင်ပြည်နယ် စစ်တွေမြို့ အပျက်အစီးမြင်ကွင်း ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်ပြည်နယ် စစ်တွေမြို့ အပျက်အစီးမြင်ကွင်း

သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်နယ်အတွင်း အရေးပေါ်အခြေအနေ ကြေညာထားရတဲ့အတွက် အခုလလယ်မှာ ဘင်္ဂလားဒေ့ရှ်ကို သွားဖို့ ရှိတဲ့ သူ့ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

အဲဒီခရီးစဉ်ကို မွတ်စလင်တို့ရဲ့ ရာမန်ဒန် ဥပုသ်လပြီးမှ ပြန်စဖို့ သမ္မတက တောင်းဆိုထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီအဆင့်မြင့် ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား သဘောတူညီချက် အများအပြား လက်မှတ်ထိုးဖို့ စီစဉ်ထားပါတယ်။

တချိန်ထဲမှာဘဲ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတို့မှာ ဖြစ်ပွားခဲ့တဲ့ ဥပဒေမဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အစိုးရက ဖွဲ့စည်းခဲ့တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေး တွေ့ရှိချက်တွေအရ တရားခံတွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့သလို တချို့ကို ဆက်အရေးယူနေတယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေထဲမှာ ဖေါ်ပြထားပါတယ်။

အဲဒီ စုံစမ်း စစ်ဆေးရေး အဖွဲ့ဟာ ဇွန်လ ၇ ရက်မှ ၂၅ ရက်အထိ ရခိုင်ပြည်နယ် စစ်တွေမြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့၊ ကျောက်ဖြူမြို့နဲ့ ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာတို့ကို သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်းရွာနေ မသီတာထွေး ကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်လို့ တရားခံ သုံးဦးကို ဖမ်းဆီး အရေးယူခဲ့ရာ တရားခံ တစ်ဦးက ကျောက်ဖြူ အကျဉ်းထောင်မှာ မိမိကိုယ်ကို မိမိ ကြိုးဆွဲချ သေဆုံးသွားခဲ့ပြီး ကျန်တရားခံ နှစ်ဦးကို သေဒဏ် အမိန့်ချခဲ့ပါတယ်။

ဇွန်လ ၃ ရက် နေ့က တောင်ကုတ်မြို့မှာ ရိုးမသစ္စာ ယာဉ်ပေါ်ပါ မွတ်ဆလင် ၁ဝ ဦးအသတ်ခံရမှု နဲ့ပတ်သက်လို့ စုံစမ်း ခဲ့ရာမှာ ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်နိုင်သူ ၃ဝ ဦးကို ဖော်ထုတ် နိုင်ခဲ့ပြီး ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဇွန်လ ၃ ရက်နေ့မှာဘဲ စစ်တွေမြို့ အမှတ်(၁)ရဲစခန်းကို လူစုလူဝေးနဲ့ ဖျက်ဆီးခဲ့တာနဲ့ ပတ်သက်လို့ ပြစ်မှု ကျူးလွန်သူ ၁၉ ဦးကို စစ်တွေရဲစခန်းက ဖမ်းဆီး စစ်ဆေးနေပြီး နောက်ငါးဦးကို ဆက်စုံစမ်းပြီး ဖမ်းဆီး အရေးယူ မယ်လို့ သိရပါတယ်။

ဒီစုံစမ်းရေးအဖွဲ့ကို ဖြစ်ရပ်မှန် ဖော်ထုတ်ပြီး ဥပဒေနဲ့ အညီ အရေးယူ နိုင်ဖို့ အစိုးရက ဇွန်လ ၆ ရက်နေ့မှာ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဥက္ကဋ္ဌ အဖြစ် နဲ့ အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးခဲ့ပြီး တွေ့ရှိချက်တွေကို ဇွန်လ ၃၀ ရက်နေ့က သမ္မတဆီကို တိုက်ရိုက် တင်ပြခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်စပြုနေချိန်မှာဘဲ တနင်္ဂနွေနေ့ညပိုင်းက မီးရှို့မှုတခုဖြစ်ပွားလို့ နေအိမ်တလုံးမီးထဲပါသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ