SSA နဲ့ အစိုးရတပ် တိုက်ပွဲ တန့်ယန်းဘက်ထိ ဆက်

  • 4 ဇူလိုင် 2012
ssa ဓာတ်ပုံ မူပိုင် no credits

ရှမ်းပြည် မြောက်ပိုင်း မိုင်းရှူးမြို့နယ်မှာ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း နဲ့ အစိုးရ စစ်တပ် တိုက်ပွဲတွေ မရပ်သေးဘဲ တခြားမြို့နယ်တွေ ကူးစက် နေပါတယ် ။

SSA တပ်ဖွဲ့နဲ့ အစိုးရစစ်တပ် တို့ ဇွန်လ ၃၀ ရက် ထဲက မိုင်းရှူးမြို့နယ် ကောင်းမိုက်ဟုန်း တပ်စခန်းမှာ ပစ်ခတ်ခဲ့တာ မရပ်သေးဘဲ တန့်ယန်းမြို့နယ် မိန်းကောင် ဒေသက SSA အခြေစိုက်ရာ တပ်စခန်း တွေဖြစ်တဲ့ (၇) မိုင်စခန်း၊ ကောင်းမိုက်စုန် တပ်စခန်း တွေမှာပါ လက်နက်ကြီးငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြတယ်လို့ သိရပါတယ်။

တန့်ယန်းဘက်ကတိုက်ပွဲက အင်္ဂါ နေ့ မနက် ၆ နာရီက စတာဖြစ်ပြီး ညနေပိုင်းအချိန်ထိ ပစ်နေကြတုန်း လို့ SSA ကပြောပါတယ်။

တိုက်ပွဲမှာ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရပြီး အသေးစိတ် မသိရသေးဘူးလို့ SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။

အစိုးရစစ်တပ် က တပ်ရင်း ၁၀ တပ်ရင်းစာ လောက်နဲ့ တိုက်နေပြီး အခုချိန်ထိ အစိုးရ စစ်တပ်ဘက်က အင်အားတွေ ထပ်ဖြည့်တင်း နေဆဲလို့ သိရပါတယ်။

ဒီလိုတိုက်ပွဲတွေ ပြန် ဖြစ်နေတာဟာ ငြိမ်းချမ်းရေး သဘော တူချက်ကို သူတို့ဘက်က စဖောက်တာ မဟုတ်တဲ့ အတွက် ကျန်တာ သူတို့ ပေါ် မူမတည်ဘူး၊ ခုခံ ကာကွယ် ပိုင်ခွင့် ကို ရယူမယ် လို့ ဗိုလ်မှူးစိုင်းလှက ဆိုပါတယ်။

ဇွန်လ ၂၂ ရက်နေ့ တုန်းကလဲ SSPP/SSA နဲ့ အစိုးရစစ်တပ်နဲ့ ပြန်လည် ပစ်ခတ်နေ ကြတဲ့ကိစ္စ အပေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ မန္တလေးမြို့မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ဒါပေမယ့် အခုချိန်ထိ နှစ်ဦး နှစ်ဘက်ကြားမှာ ပြေလည်မှု မရနိုင်သေး တာကို တွေ့နေရပါတယ်။