အာမခံပေးတဲ့ ကချင်ရွာလူကြီး ခေါင်းရိုက်နှက်ခံရ

  • 4 ဇူလိုင် 2012
Image caption အာမခံပေးလို့ အရိုက်ခံရတဲ့ ရွာသူကြီး ဉီးမာခမ်း

ကချင်ဒေသမှာ ပြည်ထောင်စု အဆင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့ကြား တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေချိန်မှာ ကေအိုင်အေ ကချင် လွတ်မြောက်ရေး တပ်မတော်နဲ့ ဆက်နွယ်မှု ရှိနေတယ် ဆိုပြီး ကြူကုတ် ပန်ဆိုင်း ဒေသ ယစ်ခူး ကျေးရွာသား ၂၆ယောက်ကို စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင်လ တရက်နေ့က ဖမ်းဆီး သွားခဲ့ပါတယ်။

ကေအိုင်အေနဲ့ မသက်ဆိုင်ကြောင်း သွားရောက် အာမခံ ပြောဆိုတဲ့ အခါ ၂၃ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး သုံးယောက်ကိုတော့ ဆက်ထိန်းသိမ်းထားကာ မနေ့ကမှ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အဲဒီလို အဖမ်းခံရတဲ့ ရွာတွေဟာ အစိုးရ စစ်တပ် ထိန်းချုပ်တဲ့ နယ်မြေအောက်မှာ ရှိတဲ့ ရွာတွေလို့ ဆိုပါတယ်။

အဖမ်းခံသူတွေဟာ အမျိုးသား အသက် ၃ဝနဲ့ ၄၀ ပတ်ဝန်းကျင် တောင်ယာ လုပ်ကိုင် စားသောက်သူတွေလို့ ပြောပါတယ်။

သူတို့ထဲက တချို့ဟာလည်း ရိုက်နှက်ခံရ လက်သီးနဲ့ထိုး ခြေထောက်နဲ့ ကန်တာတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။

အခုလို မတရား အသင်းလို့ သတ်မှတ်ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်နွယ်မှု ရှိတယ် ဆိုပြီး ၁၇/၁ ဥပဒေနဲ့ စစ်တပ်က ခေါ်ယူ ထိန်းသိမ်းတဲ့ ဖြစ်ရပ်မျိုး ကချင်ဒေသမှာ ဘယ်လောက် များများ ဖြစ်နေ ပါသလဲလို့ ကချင်ဒေသ ငြိမ်းချမ်းရေး ရရေး ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ပီစီဂျီ အဖွဲ့က ဉီးလမိုင် ဂွမ်ဂျာ ကိုမေးကြည့်တော့ မြစ်ကြီးနား မြို့ပေါ်မှာတောင် ကေအိုင်အေနဲ့ ဆက်စပ်တယ် ဆိုပြီး မသင်္ကာရင် ခေါ်ယူ စစ်ဆေး မေးမြန်း တာတွေ ရှိတယ်လို့ သူက ဆိုပါတယ်။

အခုလို မြို့ပေါ်မှာတောင် စစ်တပ်က ဖမ်းဆီး စစ်ဆေးမှုတွေ ရှိနေတာဟာ ရှေ့ဆက်လုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ထိခိုက်စေတယ်လို့ သူက ဆိုပါတယ်။

ဒါတွေကို အစိုးရ အကြီးအကဲတွေ အနေနဲ့ ထိန်းသိမ်း နိုင်အောင် အောက်ခြေ အဖွဲ့အစည်း အသီးသီးကို တားဆီး သင့်တယ်လို့ ဉီးလမိုင် ဂွမ်ဂျာက ပြောပါတယ်။