ရခိုင်ပြည်နယ် သတင်းတင်ပြမှု ဆိုင်ရာ အစီရင်ခံစာ

  • 4 ဇူလိုင် 2012
Rakhine ဓာတ်ပုံ မူပိုင် AP
Image caption သတင်း တင်ပြရာမှာ မီဒီယာ ကျင့်ဝတ်ကို အလေးထားဖို့ လိုတယ်လို့ RSF ကဆို

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ တွေကို တင်ပြပုံနဲ့ ပတ်သက်ပြီး၊ သတင်း မီဒီယာ လွတ်လပ်ခွင့် အပေါ် ခြိမ်းခြောက်မှု အသစ် တွေ တွေ့လာ ရကြောင်း RSF နယ်စည်း မခြား သတင်း ထောက်များ အဖွဲ့နဲ့ ပြည်ပ အခြေစိုက် BMA မြန်မာ သတင်း သမဂ္ဂ တို့က ပူးတွဲ အစီရင်ခံစာ တစောင်ကို ရေးသား ထုတ်ပြန် ခဲ့ပါတယ်။

ဘယ်လို ခြိမ်းခြောက် မှုမျိုးတွေ ပါလဲ။ ဒီ အစီရင် ခံစာကို ရေးသားသူ တဦးဖြစ်တဲ့ RSF အဖွဲ့က ဘင်ဂျမင်အစ်စမေး ကို ဆက်သွယ် မေးကြည့်တော့ ခုလို ပြောပါတယ်။

ဘင်ဂျမင် ။ ။ ဒီ ပြဿနာ ဟာ အကဲဆတ် တဲ့အတွက် ဒီအကြောင်း တင်ပြတဲ့ သတင်း ဌာနတွေ၊ သတင်း သမားတွေ ကြားမှာ အုပ်စု ကွဲမှုတွေ ဖြစ်ကုန် မှာမျိုး၊ တချို့ သတင်း သမားတွေ အနေနဲ့ တခါတရံမှာ သတင်း ကျင့်ဝတ် တွေကို မေ့ပြီး ကိုယ် ရတဲ့ သတင်း အပေါ် မေးခွန်း မထုတ်ဘဲ လက်ခံ လိုက်တာမျိုး၊ သတင်း အချက် အလက် ထက် ကိုယ့် ထင်မြင်ချက် ကို ဦးစားပေး ဖော်ပြ တာမျိုး၊ ဘက်လိုက် တာမျိုး ဖြစ်မှာကို ကျွန်တော်တို့ စိုးရိမ် ပါတယ်။ အဲဒီ အဖြစ်မျိုး တွေကြောင့် တကယ် အကျိုး ရှိတဲ့ သတင်း မှန် တွေ ဖြစ်မလာဘဲ ပဋိပက္ခကို ပိုပြီး ဆိုးစေတယ်လို့ ကျွန်တော်တို့ ယုံကြည် ပါတယ်။

ဘီဘီစီ။ ။ RSF ရဲ့ အစီရင်ခံစာ မှာ အင်တာနက် ပေါ်မှာ ရေးနေ ကြတဲ့ သူတွေ အကြောင်းလည်း ဖော်ပြတာ တွေ့ရ ပါတယ်။ အင်တာနက် ဟာ လွတ်လပ်စွာ ပြောဆိုခွင့် အတွက် အရေးကြီး သလို၊ တဖက် မှာလည်း ခြိမ်းခြောက်တဲ့ အရေးအသား မျိုးတွေ အမုန်း တရားကို ရှေ့တန်း တင်တဲ့ ပြောဆိုမှု မျိုးတွေ ရှိနေ ပါတယ်။ ဒီတော့ ဒါတွေကို အားပေး သင့်သလား ဒါမှ မဟုတ် ထိမ်းချုပ် သင့်တယ် လို့ ထင်ပါလား။

ဘင်ဂျမင်။ အင်တာနက်မှာ တွေ့ရတဲ့ အခြေအနေ တွေကတော့ မြန်မာ နိုင်ငံ တခုထဲတွင် မဟုတ် ပါဘူး။ တခြား ကမ္ဘာ့ နိုင်ငံတွေ အများကြီးမှာ ဖြစ်နေတဲ့ ကိစ္စရပ် အများကြီး မှာလည်း အလားတူ ပါဘဲ။ ကျွန်တော်တို့ အနေနဲ့ အင်တာနက် ပေါ်မှာ ဖြစ်နေတဲ့ ငြင်းခုံမှု တွေနဲ့ ကျွမ်းကျင် တဲ့ သတင်း မီဒီယာ တွေက တင်ပြတဲ့ပုံ ကြားမှာ ခွဲခြား မြင်ရ ပါမယ်။ တချို့ မီဒီယာတွေ ဟာ အဲဒီ ငြင်းခုံမှု တွေကြားမှာ ပိတ်မိ သွားပြီး၊ နောက်ဆုံး ကိုယ်တိုင် ဝင်ပါတဲ့ အဆင့်ကို ရောက်ကုန် ပါတယ်။တကယ်တမ်း အပြန်အလှန် ဆွေးနွေး မှုကို ဖြစ်စေမယ့် အစား ကိုယ့် ထင်မြင်ချက် ကိုဘဲ ဦးစားပေး တာတွေ ဖြစ်ကုန် ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့် ကို အားပေး ရမယ် ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် အမြင်တွေ ကနေ အမုန်းတရားတို့ လက်စား ခြေမှုတို့ မဖြစ်သင့် ပါဘူး။ ကျွန်တော်တို့ အစိုးရိမ် ဆုံးက အဲဒီလို ဖြစ်နေ တာတွေကို အကြောင်းပြပြီး အစိုးရက အင်တာနက်နဲ့ သတင်း မီဒီယာ အပေါ် ပိုပြီး တင်းတင်း ကျပ်ကျပ် ထိမ်းချုပ် လာမှာ ကိုပါ။ အခု ဆိုရင်ဘဲ ဒီပဋိပက္ခ နဲ့ ပတ်သက်တဲ့ သတင်း တွေကို စာပေ စိစစ်ရေးကို တင်ရမယ် ဆိုတာမျိုး၊ လျှပ်တစ်ပြက် သတင်း ဂျာနယ်ကို တရားစွဲ တာမျိုး၊ အရင်က ပုံစံနဲ့ ထိမ်းချုပ် လာတဲ့ အခြေ အနေ တွေကို တွေ့နေ ရပါတယ်။

ဘီဘီစီ။ ဒီ အစီရင်ခံစာ မှာ သတင်း ဌာနတွေ အနေနဲ့ မီဒီယာ ကျင့်ဝတ် ပိုင်းကို သတိထား ကြဖို့ အကြံပေး ထားတာ တွေ့ရ ပါတယ်။ ဘယ်လိုမျိုး တိတိကျကျ ဆိုချင် တာပါလဲ။

ဘင်ဂျမင်။ သတင်း မီဒီယာ တွေရဲ့ တင်ပြမှု တွေဟာ လက်တွေ့ ကွင်းဆင်းပြီး သတင်းယူ နေကြတဲ့ သတင်းထောက် တွေအပေါ်အကျိုး သက်ရောက် မှုတွေ ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည် ပါတယ်။ တကယ်လို့ သတင်း ဖော်ပြ မှုတွေကြောင့် သတင်းထောက် ဟာ တဖက်ဖက် ကို လိုက်တယ်လို့ အမြင်ခံ ရရင် သူ့ရဲ့ လုံခြုံရေး အတွက် အန္တရာယ် ရှိပါတယ်။ ဥပမာ နိုင်ငံခြား သတင်းထောက် တချို့ ဆိုရင် ဖိအားပေး ခံရတဲ့ အတွက် ရန်ကုန်ကို ပြန်ရောက်မှ သတင်းပို့ နိုင်တာ မျိုးတွေ ရှိပါတယ်။ သတင်း မီဒီယာတွေ အနေနဲ့ ကောင်းမွန်တဲ့ သတင်းမီဒီယာ လုပ်ထုံး လုပ်နည်း တွေကို ကျင့်သုံး ကြဖို့ လိုပါတယ်။ သတင်း မီဒီယာ လောကမှာ မတူညီ တဲ့ သတင်းတည်း ဖြတ်တင် ပြပုံ တွေရှိ ကြတယ်၊ နိုင်ငံရေး အမြင်တွေ ရှိကြတယ် အပြိုင် အဆိုင် တွေ ရှိကြတယ်၊ ဆိုတာ တကမ္ဘာ လုံးမှာ ရှိပါတယ်။ အခုဟာက မီဒီယာ တခုနဲ့ တခု တိုက်ခိုက် တာတွေ ဖြစ်လာတာ တွေ့ရ ပါတယ်။ ဒါဟာ ယှဉ်ပြိုင်မှု လို့ ပြောလို့ မရပါဘူး။ မြန်မာ နိုင်ငံမှာ သတင်း မီဒီယာနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာတဲ့ အချိန်မှာ ပုဂ္ဂလိက သတင်း မီဒီယာတွေ အားကောင်း လာဖို့ ကျွန်တော်တို့က အားပေး ပါတယ်။ ဒါပေမယ့် သတင်းကို တိကျ မှန်ကန် အောင် တင်ပြ ဖို့လည်း လိုပါတယ်။ အခု ပဋိပက္ခ မှာတော့ အဲဒီလို တင်ပြတဲ့ ပုံမျိုး မတွေ့ရ ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ