ဒုသမ္မတ ဦးတင်အောင် မြင့်ဦး နုတ်ထွက်

  • 4 ဇူလိုင် 2012
Vice President of Burma, Thiha Thura U Tin Aung Myint Oo ဓာတ်ပုံ မူပိုင် AP
Image caption နုတ်ထွက်စာ တင်တယ် ဆိုတာ မေလ ကတည်းက သတင်းတွေ ထွက်ခဲ့

ဒုတိယ သမ္မတ သီဟ သူရ ဦးတင်အောင် မြင့်ဦးကို ကျန်းမာရေး အခြေ အနေကြောင့် ရာထူး ကနေ တရားဝင် နုတ်ထွက် ခွင့် ပြုလိုက်ပြီလို့ မြန်မာ အာဏာပိုင် တွေက အတည်ပြု ကြေညာ လိုက် ပါတယ်။

ဦးတင်အောင် မြင့်ဦး ရာထူး ကနေ နုတ်ထွက် ခွင့် တောင်းထားတယ် ဆိုတဲ့ သတင်းတွေ မေလ ကတည်းက ထွက်နေခဲ့ပြီး ဗုဒ္ဓဟူး နေ့က စတင် ကျင်းပတဲ့ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေးမှာ လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒုတိယ သမ္မတကို နုတ်ထွက်ခွင့် ပြုလိုက်ပြီလို့ ကြေညာခဲ့ တာပါ။

သမ္မတ ဦးသိန်းစိန်က ပါလီမန်ကို ပေးပို့တဲ့ သဝဏ်လွှာ ထဲမှာ ဦးတင်အောင် မြင့်ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကနေ မေလ ၁ ရက်နေ့ အထိ စင်္ကာပူ နိုင်ငံမှာ ဆေးကုသမှု ခံယူခဲ့ပြီး လောလောဆယ် မြန်မာ နိုင်ငံမှာ ဆက်လက် ဆေးကုသမှု ခံယူနေ တယ်လို့ ပြော ပါတယ်။

လစ်လပ် သွားတဲ့ ဒုတိယသမ္မတ နေရာ အတွက် ပါလီမန်မှာ ၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစု အဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံး ထားပြီး ရွေးချယ် မယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက ပြောပါတယ်။

ဦးတင်အောင်မြင့်ဦးက ကျန်းမာရေးကို အကြောင်း ပြပြီး ရာထူးကနေ နုတ်ထွက်ခွင့် တောင်းတယ် ဆိုပေမဲ့ တကယ်တမ်း သူ နုတ်ထွက် ချင်တဲ့ တခြား အကြောင်း လည်း ရှိနေ သေးတယ်လို့ သုံးသပ် မှုတွေ ရှိနေပါတယ်။

လက်ရှိ အစိုးရ အဖွဲ့ အတွင်းမှာ သဘောထား တင်းမာသူလို့ ယူဆခံရတဲ့ ဦးတင်အောင်မြင့်ဦးဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ကြောင့် အစိုးရ အဖွဲ့တွင်းမှာ လုပ်ကိုင်ရတာ ကသိကအောက် ဖြစ်ပြီး နုတ်ထွက် တာဖြစ်နိုင်တယ် လို့ နိုင်ငံရေး အသိုင်း အဝိုင်းနဲ့ သတင်းထောက် အသိုင်း အဝိုင်းက သုံးသပ် နေကြပါတယ်။

အခု လွှတ်တော် အစည်း အဝေးတွေမှာ ဝန်ကြီး အဖွဲ့ အတွင်း အပြောင်း အလဲတွေ ပြုလုပ် လိမ့်မယ် လို့လည်း လွှတ်တော် ကိုယ်စားလှယ် တွေက ပြောနေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ