မြေတောင်းတဲ့ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံရ

  • 5 ဇူလိုင် 2012
Nay Pyi Taw
Image caption နေပြည်တော်က လမ်းကြီးတွေက အလွန်ကောင်းပေမယ့်လို့ ဘုန်းကြီးကျောင်းတွေတော့ မီးရှို့တယ်လို့ ဆိုပါတယ်။

နေပြည်တော် စည်ပင်သာယာက ကျူးကျော် ဘုန်းကြီးကျောင်းတွေကို လျော်ကြေးယူ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပေမယ့် မလိုက်နာဘဲ မြေအစားတောင်းလို့ဆိုပြီး မီးရှို့ပစ်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။

နေပြည်တော် မြို့ပတ်လမ်း ဖောက်လုပ်ဖို့အတွက် မလွတ်တဲ့ အဆောက်အဦတွေကို ဖျက်ဖို့ နေပြည်တော် စည်ပင်သာယာရဲ့ အမိန့်အရ ဖျက်ရမယ့် အဆောက်အဦတွေ ထဲမှာ ဘုန်းကြီးကျောင်း ၅၀ လောက် ပါဝင်ပါတယ်။ တချို့ ဘုန်းကြီးကျောင်းတွေက ပေးတဲ့ လျော်ကြေးငွေကို ယူပြီး ဖျက်ပစ်ဖို့ သဘောတူခဲ့ပေမဲ့ တချို့ကျောင်းတွေကတော့ ဖျက်လိုတဲ့ဆန္ဒ မရှိကြဘူးလို့ သိရပါတယ်။ မနေ့ကတော့ ဘုန်းကြီးကျောင်း ၂ ကျောင်း မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

မီးရှို့ခံရတာဟာ နေပြည်တော်မှာ ဖြစ်တဲ့အတွက် လွှတ်တော်မှာ တင်ပြဖို့ ကြိုးစားသွားမယ်လို့ ဘုန်းကြီးတွေအတွက် အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဘီဘီစီကို ပြောပါတယ်။ မီးရှို့တာဟာ ပြစ်မှုမြောက်တဲ့ ကိစ္စရပ် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒီကိစ္စတွေအတွက် တာဝန်ရှိတဲ့ နေပြည်တော်ကောင်စီ အတွင်းရေးမှူးကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခဲ့ခြင်း မရှိပါဘူး။ သာသနာရေး ဦးစီးဌာနက အရာရှိ တစ်ယောက်ကတော့ သာသနာ့မြေလို့ သတ်မှတ်ထားခြင်း မရှိတဲ့ ကျူးကျော် ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်း တဲကျောင်းတွေကို ဖယ်ရှားခိုင်းတယ်လို့ သိရကြောင်း ဘီဘီစီကို ပြောပါတယ်။