စစ်မက်ဖြစ်ပွားမှု စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့မယ်

  • 5 ဇူလိုင် 2012
U Aung Min
Image caption မီးရထားဝန်ကြီး ဦးအောင်မင်းဟာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို တက်တက်ကြွကြွဆောင်ရွက်နေသူ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ စောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ မီးရထားဝန်ကြီး ဦးအောင်မင်းက ဇူလိုင် ၁ က နေပြည်တော်မှာ ပြောကြားခဲ့တဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ကြိုဆိုလိုက်ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေ ဖြစ်တဲ့အခါ ဘယ်ဘက်ကစပြီး စည်းကမ်းချိုးဖောက်သလဲ ဆိုတာကို သိနိုင်ဖို့ မြန်မာ အစိုးရ တပ်တွေနဲ့ တိုင်းရင်းလက်နက်ကိုင် တပ်တွေကို ကိုယ်စားပြုသူတွေ၊ သတင်းသမားတွေနဲ့ ဂုဏ်သရေရှိတဲ့ ရပ်မိရပ်ဖတွေပါတဲ့ စောင့်ကြည့်ရေးအဖွဲ့ကို ပထမအဆင့် ဖွဲ့စည်းသွားဖို့ ရှိတယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။

ဒုတိယအဆင့်မှာတော့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂ စစ်မြေပြင် စောင့်ကြည့်ရေးအဖွဲ့တွေက အဲဒီ စောင့်ကြည့်ရေးအဖွဲ့မှာ ပါလာမှာဖြစ်ပြီး တတိယအဆင့်မှာတော့ ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံကမဆို စောင့်ကြည်မယ်ဆို စောင့်ကြည့်နိုင်မယ့် အနေအထား ဖြစ်သွားနိုင်တယ်လို့ ဝန်ကြီးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်နေတဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော်ကတော့ အခုလို စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းသွားမယ်ဆိုတဲ့ သတင်းကို ကြိုဆိုလိုက်ပါတယ်။

အပြစ်ဖို့လိုက်၊ အကြောင်းပြလိုက် လုပ်နေတာထက်စာရင် အခုလို အဖွဲ့ဖွဲ့တာဟာ အလွန်ကောင်းတယ်၊ ဒါမှ ဘယ်သူက မှားသလဲ ဆိုတာကို ဖော်ထုတ်နိုင်လိမ့့်မယ်လို့ ရှမ်းပြည်တောင်ပိုင်း တပ်မတော်က ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလက ဘီဘီစီကို ပြောပါတယ်။

ဝန်ကြီး ဦးအောင်မင်းဟာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရအောင် တက်တက်ကြွကြွ လုပ်ကိုင် ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။