SSA ရှမ်းမြောက်ပိုင်းက ဆုတ်ခွာပေးဖို့ ဆုံးဖြတ်

  • 5 ဇူလိုင် 2012
SSA
Image caption SSA ရှမ်းပြည်တပ်မတော် တပ်သားများ

ဇွန်လကုန်ကတည်းစပြီး အစိုးရစစ်တပ်နဲ့ ပစ်ခတ်မှုဖြစ်ပွားနေတဲ့ အက်စ်အက်စ်အေ မြောက်ပိုင်း ခေါ် ရှမ်းပြည် ဖွံ့ဖြိုး တိုးတက်ရေးပါတီ (SSPP) ဟာ ကြာသပတေးနေ့မှာ သူတို့ အခြေစိုက်ရာ တပ်စခန်း ကနေ ဆုတ်ခွာပေးမယ်လို့ သိရပါတယ်။

စစ်ဖြစ်ပွားရာနေရာကနေ တပ်တွေကို ရုပ်သိမ်း ပေးပါဆိုပြီး အစိုးရက မေတ္တာရပ်ခံ တောင်းဆို လိုက်တဲ့အတွက်ကြောင့် SSPP/SSA ခေါင်းဆောင်တွေဟာ ဗုဒ္ဓဟူးနေ့ မနက် ၉ နာရီကနေ နေ့လည် ၁ နာရီအထိ အထူး အစည်းအဝေး ခေါ်ယူ ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေး ဆုံးဖြတ်ချက်အရ စစ်ဖြစ်ပွားမှုဖြစ်နေတဲ့ တပ်စခန်းတွေကနေ သူတို့တပ်တွေကို နောက်ဆုတ်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ကျယ်ပြန့်လာမှာ၊ ငြိမ်းချမ်းရေး ထိခိုက်မှာ မလိုလားတဲ့အပြင် မိုးရာသီ စိုက်ပျိုးချိန်မှာ တောင်သူတွေ ထိခိုက်မှာ စိုးတဲ့အတွက် နောက်ကို ၂ မိုင်လောက် ဆုတ်ခွာပေးလိုက်တယ်လို့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောပြပါတယ်။

အခု အက်စ်အက်စ်အေ နောက်ဆုတ်ပေးမယ့် တပ်စခန်းတွေက မိုင်းရှူးမြို့နယ် မိုင်းအွန်ကျေးရွာက ခိုယောင်းတပ်စခန်း တစ်ခုနဲ့ တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စုက ၇ မိုင်တပ်စခန်း တခု ဖြစ်ပါတယ်။

အက်စ်အစ်စ်အေ တပ်တွေဆုတ်ခွာပေးတဲ့အချိန်မှာ အစိုးရဘက်ကနေပြီးတော့ အခွင့်ကောင်းယူပြီး ပစ်ခတ်မှု မလုပ်ဖို့ဆိုပြီး သမ္မတဆီကို တင်ပြထားတယ်လို့လည်း သိရပါတယ်။

ဒီလိုတောင်းဆိုထားပြီး အစိုးရစစ်တပ်က မလိုက်နာပဲ အက်စ်အက်စ်အေတပ်ဖွဲ့ကို ဆက်တိုက် နေမယ် ဆိုရင်တော့ အက်စ်အက်စ်အေ အနေနဲ့ သူတို့ ဆုံးဖြတ်ချက်ကို ပြန်ပြင်မယ်လို့ လည်း ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။

အဲဒီလို တပ်တွေ နောက်ဆုတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဗုဒ္ဓဟူး ညနေပိုင်း ၆ နာရီလောက်အထိတော့ နှစ်ဘက် ကြားမှာ ပစ်ခတ်နေကြတုန်းပဲ ဖြစ်တယ်၊ ဒါပေမယ့် အရင်နေ့တွေလောက်တော့ မပြင်းထန်တော့ဘူးလို့လည်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ