သံအမတ်ကြီး ဦးသက်ထွန်း ဆုံး

  • 6 ဇူလိုင် 2012
Image caption နိုင်ငံတကာ စာတမ်းဖတ်ပွဲ တခုမှာ တွေ့ရတဲ့ ဦးသက်ထွန်း

မြန်မာ သမိုင်းဝင် ရုပ်ပုံလွှာ တွေ ရေးရာမှာ ထင်ရှားတဲ့ အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း ဟာ ၈၆ နှစ် အရွယ်မှာ ရန်ကုန်မှာ ကွယ်လွန် သွားပါတယ်။

ဝဏ္ဏကျော်ထင် ဦးသက်ထွန်းဟာ မြန်မာ ပညာတတ် အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ပြီး ကိုလိုနီ ခေတ်နဲ့ ကိုလိုနီလွန် မြန်မာ လူမှု အထက်လွှာ က ထင်ရှားတဲ့ သူတွေ အကြောင်း ဆောင်းပါးတွေ ရေးပြီး အသိနည်းတဲ့ ဖြစ်ရပ် တွေကို စာဖတ် ပရိသတ်နဲ့ မိတ်ဆက် ပေးတတ်ပါတယ်။

ဂါးဒီးယန်း မဂ္ဂဇင်း နဲ့ လုပ်သား ပြည်သူ့ နေ့စဉ် အင်္ဂလိပ် သတင်းစာ တွေမှာ အင်္ဂလိပ် ဘာသာနဲ့ ဆောင်းပါး တွေ အများကြီး ရေးခဲ့သူ ဖြစ်ပြီး ၁၉၉ဝ နောက်ပိုင်း နှစ်တွေမှာ မြန်မာ စာနယ်ဇင်း တွေမှာ ပြန်ရေး လာတော့လဲ လူငယ် ပရိသတ်တွေ အားပေး စိတ်ဝင်စား ခံရသူပါ။

စစ်တွင်း ဂျပန် ပညာသင် လူငယ် တွေ ထဲမှာ ပါဝင်ပြီး ထင်ရှားတဲ့ စစ် အစိုးရ ခေါင်းဆောင်တွေ၊ အရပ်သား ပညာရှင် ဖြစ်လာမယ့် သူတွေနဲ့ ဂျပန်မှာ ခင်မင် ကျွမ်းဝင် ခဲ့ပါတယ်။

ရန်ကုန်နဲ့ လန်ဒန် တက္ကသိုလ် တွေက စီးပွားရေး ဘွဲ့တွေ ရခဲ့ပြီး ကမ္ဘာ့ဘဏ် နဲ့ မြန်မာ အစိုးရ ဗဟို စာရင်းအင်း အဖွဲ့ ညွှန်ကြား ရေးဝန်၊ ပြင်သစ် နိုင်ငံ မြန်မာ သံအမတ်၊ ယူနက်စကို အမှုဆောင် ညွှန်ကြားရေးမှူး စတဲ့ တာဝန်တွေ ထမ်းဆောင် ခဲ့ပါတယ်။

ဦးသက်ထွန်းဟာ လမ်းစဉ်ပါတီ ခေတ်မှာ ပါတီ မဝင်ဘဲ ကင်းရှင်း အောင် နေခဲ့တဲ့ ပညာရှင် အရာရှိ ဖြစ်ပါတယ်။

ဂျပန် မြန်မာ ချစ်ကြည်ရေး အသင်း၊ ထွန်းဖောင်ဒေးရှင်း စာပေဆုနဲ့ ပန်းချီဆု ရွေးချယ်ရေး ကော်မတီ၊ မြန်မာ သမိုင်း အဖွဲ့ စတဲ့ လူမှုရေး ပညာရေး တာဝန် တွေကို ကွယ်လွန် ချိန်ထိ ထမ်းဆောင် ခဲ့ပါတယ်။

ကင်းဝန် ခြေရာ လိုက်၍သာ စာအုပ်နဲ့ အမျိုးသား စာပေဆု ရခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ စာပေ လက်ရာ၊ မြန်မာ့ နိုင်ငံရေး သမိုင်း (၁၉၅၈ - ၁၉၆၂) စတဲ့ သမိုင်း အဖွဲ့ ထုတ် စာအုပ် တွေကို တခြား ပညာရှင် တွေနဲ့ အတူ အင်္ဂလိပ် ဘာသာ ပြန်ဆို ခဲ့ပါတယ်။

အတွေးအမြင် မဂ္ဂဇင်းမှာ ကိုယ်ရေး အတ္ထုပ္ပတ္တိ ရေးနေဆဲမှာ ကွယ်လွန် ခဲ့ပြီး ၁၉၅ဝ ပြည့်လွန် နှစ်များက မြန်မာ အစိုးရ ယန္တရား တွေ တိုးချဲ့ချိန်နဲ့ ဗိုလ်ချုပ်ကြီး နေဝင်း ဆိုရှယ်လစ် စီးပွားရေး ထူထောင်ချိန်က အခက်အခဲ တွေကို မှတ်တမ်း တင် ခဲ့ပါတယ်။