ရိုဟင်ဂျာတွေ ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ က ပို နှိပ်ကွပ်ကြောင်း HRW က အစီရင်ခံစာထုတ်

  • 6 ဇူလိုင် 2012
rakhine conflict ဓာတ်ပုံ မူပိုင် re
Image caption ဆူပူအကြမ်းဖက်မှု တွေ အတွင်း ပြာကျ ခဲ့ရတဲ့ အိမ်ယာ တွေ

ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မှုတွေ အတွင်း အစိုးရ လုံခြုံရေး အဖွဲ့တွေကနေ လူ အမြောက်အမြား ကို ဖမ်းဆီးမှုတွေ နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်၊ နှိမ်နှင်းမှု တွေ လုပ်ရာမှာ ရိုဟင်ဂျာ တွေ ကို တဖက်သတ် ပိုပြီး နှိပ်ကွပ်နေတယ် လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ Human Rights Watch အဖွဲ့ရဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ဖျားပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေ ရှိတဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြား တွေ့ရတယ်လို့ ဆိုပါတယ်။

ဥပမာ တစ်ခုအနေနဲ့ ဇွန်လ ၂၃ ရက်နေ့က မောင်းတောမြို့အနီး ရွာတရွာက လယ်ကွင်းတွေနဲ့ တောအုပ်တွေအနီး ပုန်းအောင်းနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်နှိမ်နင်းမှုတွေ လုပ်ခဲ့တယ်လို့ ထွက်ပြေး လာသူတစ်ဦးကို ကိုးကားပြီး Human Rights Watch အဖွဲ့က ပြောပါတယ်၊ ဒါပေမယ့် သေကြေ ဒဏ်ရာရသူ ဘယ်နှစ်ဦးရှိလဲဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

အစိုးရဘက်ကနေ ရခိုင်တိုင်းရင်းသား လူ ၃၀ ကို ဖမ်းဆီးထားတယ်လို့ ဇူလိုင်လ ၁ ရက်နေ့တုန်းက ကြေငြာခဲ့ပေမယ့် ရခိုင်ပြည်နယ် မြောက်ဖျားက ဖမ်းဆီးထားသူတွေနဲ့ပတ်သက်ပြီးတော့ အရေအတွက်၊ နာမည်နဲ့ ဘာ အမှုတွေနဲ့ စွဲချက်တင်ထားလဲဆိုတာကိုတော့ ထုတ်ပြန်တာ မတွေ့ရဘူးလို့ ပြောပါတယ်။

ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ၊ ဥပဒေမဲ့ ထိန်းသိမ်းထားမှုတွေကို ရပ်တန့်ဖို့ Human Rights Watch အဖွဲ့က တိုက်တွန်းထားပါတယ်။

ဖမ်းဆီးထားသူတွေကိုလည်း နာမည်နဲ့တကွ ထုတ်ပြန်ကြေငြာဖို့၊ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နေရာတွေ ဖော်ပြဖို့၊ အပြစ်ရှိ တယ်လို့ ယူဆပြီး ဖမ်းဆီးထားသူတွေကို တရားသူကြီး ရှေ့မှောက်မှာ အမြန် စစ်ဆေးဖို့၊ အပြစ်မရှိရင် လွှတ်ပေးဖို့နဲ့ ဖမ်းဆီးထားစဉ်မှာလည်း မိသားစုဝင် ဆွေမျိုးတွေနဲ့ တွေ့ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် Human Rights Watch အဖွဲ့ရဲ့ မြန်မာအစိုးရအပေါ် နောက်ထပ် တိုက်တွန်း အကြံပြုချက်တွေထဲမှာ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ နဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားကို ရခိုင်ပြည်နယ်ကို သွားရောက်ပြီး စုံစမ်းစေဖို့လည်း တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ အနေနဲ့လည်း ရခိုင်ဒေသ ပဋိပက္ခ နဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ဖြစ်လာအောင် မြန်မာအစိုးရကို ဖိအားပေး လုပ်ဆောင်ဖို့ နဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့လည်း ထွက်ပြေး လာသူ ဒုက္ခသည်တွေကို ပြန်မောင်းမထုတ်ပဲ ယာယီ ကာကွယ်မှုပေးဖို့ Human Rights Watch အဖွဲ့ ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ရခိုင်ပြည်နယ် က စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင် မြို့ တွေ က အခြေအနေ တွေ ကို ဇွန်လ လကုန်ပိုင်း လောက်မှာ သွားရောက် လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဉီးစစ်မြိုင် က သူတို့ ရခိုင်တိုင်းရင်းသား ဖက် ကော၊ ဘင်္ဂါလီ တွေ ဖက်ကော မေးမြန်းမှု စုံစမ်းမှု တွေ လုပ်ခဲ့ကြောင်း နဲ့ ဘယ်ဘက် ကမှ အခုလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နှိပ်ကွပ်မှု တွေ လုပ်နေကြောင်း မပြောကြကြောင်း တုန့်ပြန် ပါတယ်။

မောင်တော ဘက်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု တွေ အတွင်း ရခိုင်တိုင်းရင်းသား တွေ သေကြေတာပိုများ သလို စစ်တွေဘက်က အကြမ်းဖက် မှု တွေ မှာတော့ ဘင်္ဂါလီ တွေ ပိုသေကြေ ကြတယ် လို့ လည်း သူ က ပြော ပါတယ်။

လွတ်လပ်တဲ့ နိုင်ငံတကာ အဖွဲ့တွေ၊ နိုင်ငံတကာ မီဒီယာ တွေ အဲဒီ ဒေသ ကို သွားရောက် စုံစမ်း လေ့လာခွင့် နဲ့ ပတ်သက်လို့ မေးမြန်း ရာမှာ တော့ အခုအချိန်မှာ ၂ ဘက် အနေနဲ့ စိတ်ခံစားချက် တွေ မြင့်မားနေတာ၊ မကျေနပ်ချက် တွေ မြင့်မား နေတာ ကြောင့် အခြေအနေ က မတည်ငြိမ်သေးတဲ့ အတွက် သွားရောက်ဖို့ မသင့် သေးဖူးလို့ သူ ယူဆ ကြောင်း ပြောပါတယ်၊ သွားခွင့် ပိတ်တာ မဟုတ် ကြောင်းလည်း သူ က ပြောပါတယ်။