ဒုက္ခသည်တွေ ဖမ်းဆီးမှု မြစ်ကြီးနားမှာ ဆန္ဒပြ

  • 6 ဇူလိုင် 2012
Kachin ဓာတ်ပုံ မူပိုင် AFP Getty
Image caption ဒုက္ခသည် စခန်းတွေမှာ လုံခြုံမှု မရှိဘူးလို့ ဆန္ဒပြသူ တွေကဆို

ကချင်ပြည်နယ် က စစ်ပြေး ဒုက္ခသည် တွေကို ကေအိုင်အေ၊ ကေအိုင်အို လက်နက်ကိုင် အဖွဲ့နဲ့ ဆက်သွယ်တယ် ဆိုပြီး အစိုးရ စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီး နှိပ်စက် တာတွေကို ဆန့်ကျင် ဆန္ဒပြမှု တခု မြစ်ကြီးနား မြို့မှာ ဖြစ်ပွား ခဲ့ပါတယ်။

ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှု နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်မှာ လူစုလူဝေးနဲ့ ပထမဆုံး ဆန္ဒပြ ခဲ့တာ ဖြစ်ပါတယ်။

ခရစ်ယာန် ဘာသာရေး ခေါင်းဆောင် တွေနဲ့ ဒုက္ခသည် စခန်း တာဝန်ခံ တွေက ဦးဆောင်ပြီး ဆရာ ဆရာမတွေ၊ လူငယ်တွေ အများအပြား ပါဝင်တဲ့ လူ ၁၀၀၀ လောက်ဟာ ကချင် တိုင်းရင်းသား ရိုးရာ ဝတ်စုံတွေ ဝတ်ဆင်ပြီး မြို့တွင်းမှာ စီတန်း လှည့်လည် ခဲ့သလို၊ မြစ်ကြီးနား မြို့ တရားရုံးရှေ့မှာ လည်း ဆန္ဒပြ ခဲ့ကြတယ်လို့ အဲဒီ အထဲမှာ ပါဝင်သူ တဦးက ပြောပါတယ်။

"ဂျန်မိုင်ကောင် မှာရှိတဲ့ စစ်ပြေး ဒုက္ခသည်တွေကို စစ်တပ်နဲ့ ရဲ၊ အစိုးရဖက်က ဖမ်းဆီးပြီး ကေအိုင်အို၊ ကေအိုင်အေနဲ့ အဆက်အသွယ် ရှိတယ်၊ သူတို့နဲ့ အလုပ်လုပ်တယ်ဆိုပြီး မတရား၊ ဥပမာ ဂမ်ရှောင်ကိုဆိုရင် မတရားဖြောင့်ချက်တွေ ယူခိုင်း၊ ဝန်ခံခိုင်း၊ ပြီးရင်တချို့တွေ ဆိုရင်လည်း စစ်ပြေးဒုက္ခသည် အသင်းတော် တွေမှာဝင်ဖမ်း အပြစ်တွေ ရှာပြီး ဝန်ခံခိုင်းတဲ့အခါ ကျတော့ အဲဒီကလူတွေရော မြစ်ကြီးနား မှာရှိတဲ့ လူတွေ ဘာသာရေး ခေါင်းဆောင်တွေက မကျေနပ် ကြဘူး။ အဲဒါကြောင့် အစိုးရ ဝန်ကြီးချုပ်ကို အကြောင်းကြားပြီး မကျေနပ် တဲ့ဟာကို ထုတ်ဖော်တာ ဖြစ်တယ်" လို့ ဆန္ဒပြသူ တဦးက ဘီဘီစီကို ပြောပြခဲ့ ပါတယ်။

ဆန္ဒပြမှုဟာ မနက် ၉ နာရီ ကနေ ၁၂ နာရီ အထိ ကြာမြင့် ခဲ့ပြီး အာဏာပိုင်တွေ ဘက်က တစုံတရာ အနှောက်အယှက် ပေးတာ မျိုး မရှိခဲ့ဘူး လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ