ဇူလိုင် ၇ ရက် အခမ်းအနား ၈၈ ကျောင်းသားတွေ ကျင်းပ

  • 7 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AP
Image caption အခမ်းအနားမှာ ဦးဝင်းတင်၊ဦးလှရွှေ ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကျော်ကိုကို တို့က စကား ပြောခဲ့ကြ

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဆန္ဒပြ ကျောင်းသားတွေကို စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့ပြီး၊ ဇူလိုင်လ ၈ ရက်နေ့ အာရုဏ် တက်ချိန်မှာ သမိုင်းဝင် ကျောင်းသား သမဂ္ဂ အဆောက် အဦးကို ဖောက်ခွဲ ဖျက်ဆီးခဲ့တဲ့ နှစ်ငါးဆယ်ပြည့် 7 July အခမ်း အနားကို ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ် ဝေဇယန္တာ လမ်းမှာရှိ တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးမှာ စနေနေ့ မနက် ၉ နာရီက ကျင်းပ ဖြစ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ခန်းမမှာ ကျင်းပဖို့ အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ကျောင်းသားတွေက ပထမ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီခန်းမမှာ ပြုလုပ်ခွင့်မရတဲ့အတွက် အခုလို ၈၈ မျိုးဆက် ကျောင်းသားများ ရုံးမှာပဲ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ကိုပြုံးချိုက ဘီဘီစီကို ပြောပါတယ်။

အခုလို တစုံတရာ နှောင့်ယှက်မှုတွေ လုပ်ခဲ့တဲ့ အတွက် အများ ပြည်သူက ပိုမို စာနာပြီး အခမ်းအနားကို စိတ်ဝင်တစား လာရောက် အားပေးခဲ့ကြတယ်လို့ လည်း သူကပြောပါတယ်။

ထောက်လှမ်းရေး အင်အား အတော်များများက အခမ်းအနားကို ပြီးဆုံးချိန်အထိ လာရောက် စောင့်ကြည့်နေခဲ့တယ်လို့ ကိုပြုံးချိုက ပြောပါတယ်။

သောကြာနေ့က ဖမ်းဆီး ထိန်းသိမ်းခြင်း မခံလိုက်ရတဲ့ ဗကသ ကျောင်းသား တွေကလည်း ဒီအခမ်းအနားမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆောင်ရွက်ခဲ့ ကြပါတယ်။

ဒီအခမ်း အနားမှာ ဟံသာဝတီ ဦးဝင်းတင်၊ တက္ကသိုလ် ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးလှရွှေ ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကျော်ကိုကို တို့က စကား ပြောခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ