ခေါ်ယူ စစ်ဆေးခံရတဲ့ ဗကသ ကျောင်းသားတွေ ပြန်လွတ်လာ

  • 7 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ခေါ်ယူ စစ်ဆေးခံခဲ့ရသူ တဦးဖြစ်တဲ့ ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင်

ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းတွင်းက သမိုင်းဝင် ကျောင်သား သမဂ္ဂ အဆောက်အဦး ဖြိုခွဲ ဖျက်ဆီး ခံခဲ့ရတဲ့ 7 July အရေးအခင်း အနှစ် ၅၀ပြည့် ရွှေရတု အခမ်းအနားတွေ ကျင်းပဖို့ စီစဉ် လှုပ်ရှားခဲ့ကြသူ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ကျောင်းသားတချို့ အာဏာပိုင်တွေရဲ့ ခေါ်ယူ စစ်ဆေး ခံနေရာကနေ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ဗကသ ကျောင်းသားတွေ ဖြစ်တဲ့ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်းနဲ့ မဖြိုးဖြိုးအောင်တို့ ပြန်လွတ်လာကြပြီလို့ မိသားစုဝင်တွေက အတည်ပြုပြောပါတယ်။

ရန်ကုန်မြို့နဲ့ မန္တလေး အပါအဝင် အထက်ဗမာပြည် မြို့တွေက ဗကသ ကျောင်းသား အနည်းဆုံး ၁၆ ဦးကို စစ်ဆေး မေးမြန်းစရာ ရှိတယ် ဆိုပြီး အခမ်းအနား မတိုင်ခင်တရက်မှာ အာဏာပိုင်တွေက ခေါ်ဆောင်သွားခဲ့ကြတာပါ။

သူတို့ကို ခေါ်ယူ စစ်ဆေးခဲ့စဉ်မှာ အာဏာပိုင်တွေက 7 July အခမ်းအနား မလုပ်ဖို့ သူတို့ကို ပြောခဲ့ကြောင်း၊ အခုလို အထိမ်းအမှတ် အခမ်းအနား ကျင်းပရာကနေ တခုခု ပြန်ဖြစ် လာမှာကို စိုးရိမ်မိတယ်၊ ပြုပြင်ပြောင်းလဲနေတဲ့ ကာလမှာ ဒါမျိုးတွေ မဖြစ်စေချင်ဘူးလို့ အာဏာပိုင်တွေက ပြောကြောင်း ပြန်လွတ်လာတဲ့ ဗကသ ကျောင်းသား ကိုရဲမြတ်ဟိန်းက ဘီဘီစီကို ပြန်လွတ်လာလာချင်း ပြောပြခဲ့ပါတယ်။

ပြန်လွတ်လာအပြီးမှာ ဗကသ ကျောင်းသားတွေဟာ ၈၈မျိုးဆက် ကျောင်းသားများရုံးခန်းမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဆန္ဒပြကျောင်းသားတွေကို စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက တက္ကသိုလ် နယ်မြေထဲ အထိ ဝင်ရောက်ပစ်ခတ်နှိမ်နင်းခဲ့ရာမှာ ကျောင်းသားပေါင်း ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ အဲဒီခေတ်က သတင်းစာတွေမှာ ရေးသား ဖော်ပြကြပြီး ဇူလိုင်လ ၈ ရက်နေ့မနက် အာရုဏ်တက်ချိန်မှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦး ကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ