ရခိုင်ပဋိပက္ခ လပတ်လည်ကျင်းပ

  • 8 ဇူလိုင် 2012
Rakhine one month ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်ပြည်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွက် တလပြည့်အဖြစ် တမြို့လုံးနီးပါး သာသနာ့အလံ လွှင့်ထူပြီး သေသူတွေကို အမှတ်ရကြ

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်က စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့က မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေရဲ့ တလပြည့် အထိမ်းအမှတ်ကို ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေ မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ တမြို့လုံးမှာ သာသနာ့ အလံတွေ စိုက်ထူလို့ ပြီးခဲ့တဲ့ တလက ကွယ်လွန်သွားခဲ့တဲ့ ရခိုင် အမျိုးသားတွေကို အောက်မေ့ သတိရတဲ့ အမှတ်တရအဖြစ် ဆောင်ရွက်ခဲ့ကြတာပါလို့ RNDP ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီက စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မရကျော်က ဘီဘီစီကို ပြောပါတယ်။

တမြို့လုံးနီးပါးက အိမ်တွေမှာ သာသနာ့အလံကို လွှင့်ထူကြသလို လမ်းပေါ်မှာ သွားလာနေတဲ့ စက်ဘီး၊ ဆိုက္ကား ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တွေမှာလည်း ချည်နှောင်ထားတယ်လို့ သူက ပြောပါတယ်။ ရခိုင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေမို့ ဒီလို သာသနာ့အလံကို လွှင့်ထူကြသလို သေသူတွေအတွက် ရည်စူးပြီး ဆွမ်းသွပ်တာ၊ အမျှဝေတာတွေဟာလည်း ရခိုင့်ဓလေ့ပဲလို့ စစ်တွေ ပြည်နယ်လွှတ်တော်အမတ်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်မှာ အခြေစိုက်တဲ့ ကုလသမဂ္ဂနဲ့ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို စစ်တွေမြို့မှာ ဆန့်ကျင် ဆန္ဒပြတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေတာမို့ အဲဒီ အကြောင်းကို မေးတာကိုတော့ အဲဒီလို ဆန္ဒပြမှုတွေ မရှိပါဘူးလို့ ဦးအောင်မရကျော်က ပြောပါတယ်။

စစ်တွေမြို့နဲ့ မောင်တောမြို့ကို ဇူလိုင် ၇ ရက်ကတော့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ လွှတ်တော်အမတ်တချို့ သွားရောက် လေ့လာခဲ့သလို လွှတ်တော် အမတ်တွေရဲ့ နေ့တွက် ခံစားခွင့် သုံးရက်စာကိုလည်း ငွေကျပ် သိန်းရာနဲ့ချီပြီး လှူဒါန်းခဲ့ကြပါတယ်။

စစ်တွေမြို့မှာတော့ ဒီကနေ့ ဇူလိုင် ၈ မှာ သာသနာ့အလံတွေ လွှင့်ထူလို့ လွန်သူတွေအတွက် အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့တာကလွဲလို့ အခြေအနေတွေကတော့ အေးဆေး တည်ငြိမ်နေတယ်လို့ သိရပါတယ်။