သုံးခွမှာ လယ်တွေ ရေမြုပ်

  • 10 ဇူလိုင် 2012
rice ဓာတ်ပုံ မူပိုင် Getty
Image caption လယ် တဧက စိုက်ခ ငွေသုံးသောင်းလောက် ကုန်

ရန်ကုန် တောင်ဘက် သုံးခွမှာ မိုးများလို့ ရွာ ၄၀ ကျော်က လယ်ဧက ထောင်နဲ့ချီ ရေမြုပ် နေပြီး ရေတွေ အချိန်မီ ဖေါက်မထုတ် ရင် လယ်သမား တွေ အသစ်ပြန် စိုက်ဖို့ ခက်နေပါတယ်။

သုံးခွမြို့နယ်က ရွာပေါင်း ၆ဝ ကျော် ထဲက ရွာ၄ဝ ကျော်က စပါးခင်းတွေ ရေမြုပ် ပျက်စီးနေတာလို့ လယ်သမား တွေက ပြောပါတယ်။ ဒီလို လယ်ကွင်းတွေရေမြုပ်ရတာဟာ ရေငံမ၀င်အောင် တားဖို့ လုပ်ထားတဲ့ သုံးခွရေထိန်း တံခါး ပိတ်ဆို့နေလို့ မိုးရေတွေ မထွက်နိုင်ဘဲ ရေ၀ပ်နေတာလို့ ပြောပါတယ်။

အာဏာပိုင်တွေ ဘက်က ရေငံမ၀င်အောင် လုပ်ထားပေမယ့် မိုးရွာရင် မိုးရေတွေ အလွယ်တကူစီးနိုင်အောင် စီမံ မထားတာကြောင့် လယ်သမားအများစု နစ်နာမှု ရှိခဲ့တယ်လို့ သိရပါတယ်။ အာဏာပိုင်တွေ ဘက်ကတော့ မြို့နယ် အုပ်ချုပ်ရေး မှူး ကိုယ်တိုင် ရေတံခါး သွားကြည့်ပြီး ဖွင့်ပေးထား တယ်လို့ သုံးခွ အုပ်ချုပ်ရေးမှူးရုံးက တာ၀န်ရှိသူ တဦးက ဖြေကြားသွား ပါတယ်။

လယ်သမားတွေ ဘက်ကတော့ မနှစ်ကလည်း ဒီလို ရေမြုပ်တာမျိုး ၃ကြိမ်လောက် ဖြစ်ခဲ့ တာမို့ ဆုံးရှုံး နစ်နာခဲ့ရပြီး ဒီနှစ် ပထမဆုံး အကြိမ် မြုပ်တာမို့ နောက်ထပ် စိုက်မယ့် စပါးခင်းတွေ ရေထပ်မြုပ် မှာကို စိုးရိမ် နေကြပါတယ်။

ဆိုင်ရာ က ရေထိန်း တံခါးတွေနဲ့ ရေမြောင်းတွေ ရေစီးရေလာ ကောင်းအောင် ပြုပြင်မပေးဘူး ဆိုရင် မကြာခင်မှာ ဆန္ဒပြ တောင်းဆို ကြမယ် လို့လည်း ပြောပါတယ်။

ဒီသုံးခွ ရေထိန်း တံခါးကို ၂၀၀၅ ခုနှစ်က ဆောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ စအသုံးပြု ကထဲက မိုးများတဲ့ နှစ်တိုင်း ရေတံခါးအထက်ပိုင်း အရပ်တွေမှာ ဒီလိုမျိုး ရေနစ်မြုပ် မှုတွေ မကြာခဏ ဖြစ်လေ့ ရှိတယ်လို့ သိရပါတယ်။