ပုဂ္ဂလိကဘဏ်တွေမှာ နိုင်ငံခြားငွေ စာရင်းဖွင့်ခွင့်ရ

  • 9 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ပုဂ္ဂလိကဘဏ်တွေမှာ နိုင်ငံခြားငွေ စာရင်း ဖွင့်ခွင့်ရတဲ့အတွက် ပိုအဆင်ပြေ မြန်ဆန်လာ

မြန်မာနိုင်ငံမှာ ဇွန်လ ၉ရက်ကစလို့ ပုဂ္ဂလိကဘဏ်တွေမှာ နိုင်ငံခြားငွေ စာရင်းဖွင့်ခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။

အရင်ကတော့ အစိုးရဘဏ်တွေမှာပဲ နိုင်ငံခြားငွေ စာရင်းဖွင့်ခွင့် ရှိခဲ့တာပါ။

အခုလို နိုင်ငံခြားငွေ စာရင်း ဖွင့်ရာမှာ အမေရိကန် ဒေါ်လာ၊ ဥရောပ ယူရို၊ စင်္ကာပို ဒေါ်လာနဲ့ FEC နိုင်ငံခြားသုံးငွေ လက်မှတ်တွေ နဲ့ စာရင်း ဖွင့်နိုင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသား ဖြစ်ရင် ဘယ်သူမဆို နိုင်ငံခြား ငွေစာရင်း ဖွင့်ခွင့် ရှိပြီး ထည့်ဝင်တဲ့ ငွေဟာ တရားဝင် ရတဲ့ ငွေ ဖြစ်ဖို့ လိုအပ်ပါတယ်။

အရင်က အစိုးရဘဏ်တွေမှာပဲ နိုင်ငံခြားငွေ စာရင်း ဖွင့်ခွင့် ရှိခဲ့တာမို့ ကြန့်ကြာမှုတွေ၊ အဆင်မပြေမှုတွေ ဖြစ်ခဲ့ပေမယ့် အခုလို ပုဂ္ဂလိက ဘဏ်တွေမှာ ဖွင့်ခွင့် ရတဲ့အတွက် ပိုမြန်ဆန်လာမယ်၊ ပို့ကုန် သွင်းကုန်တွေ သွင်းပို့ရာမှာ အဆင်ပြေလာမယ်၊ ကုန်သွယ်မှု သွက်လက်လာမယ် လို့ နိုင်ငံခြားငွေ စာရင်း ဖွင့်ခွင့် ရခဲ့တဲ့ ပုဂ္ဂလိက ဘဏ်တခုဖြစ်တဲ့ ကမ္ဘောဇ ဘဏ်ရဲ့ ဒုတိယ ဥက္ကဌလည်း ဖြစ် ဗဟိုဘဏ်မှာ ဒုတိယ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့ဖူးသူလည်း ဖြစ်တဲ့ ဦးသန်းလွင်က ဘီဘီစီကို ပြောပြပါတယ်။

ဘဏ်လုပ်ငန်းစနစ် ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေချိန်မျိုးမှာ ဘဏ်လုပ်ငန်းစနစ် ခေတ်မှီအောင် လုပ်ရမှာ ဖြစ်ကြောင်းနဲ့ နောက်ပိုင်းမှာ Debit ကဒ်၊ Credit ကဒ် သုံးစွဲတဲ့ စနစ်တွေ၊ ဗီဇာနဲ့ သုံးစွဲတဲ့ စနစ်တွေ သုံးလာဖို့ ရှိကြောင်းလည်း သူက ပြောပါတယ်။