ကချင်ဒုက္ခသည် တွေ များလာ နေဆဲ

  • 11 ဇူလိုင် 2012
Kachin
Image caption နယ်စပ်မှာ ဖြစ်သလို ယာယီ အမိုးအကာတွေ ဆောက် ပြီးနေကြ

မြန်မာ အစိုးရနဲ့ ကေအိုင်အို၊ ကေအိုင်အေ ကချင် လွတ်လပ်ရေး အဖွဲ့ တို့ကြား ပဋိပက္ခတွေ ဆက်ဖြစ်ပွား နေတဲ့ ဒေသတွေမှာ နေရပ်စွန့် ပြီး ထွက်ပြေးရ သူတွေ အခုချိန် အထိ တိုးလာဆဲ ရှိနေ ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကျူကုတ် ပန်ဆိုင်း ဒေသ ဖိုင်ကောင်း ကျေးရွာ အုပ်စု ထဲမှာ ရှိတဲ့ ရေပူစမ်းရွာ ရဲစခန်းကို ကေအိုင်အေ တပ်တွေက ဝင်တိုက် ပြီးတဲ့နောက် အစိုးရ စစ်ကြောင်းတွေ ရောက်လာတဲ့ အတွက် ဒေသခံ ကချင် တိုင်းရင်းသားတွေ စိုးရိမ် ထိတ်လန့် ပြီးတရုတ် နယ်စပ်ကို ရာနဲ့ချီ ထွက်ပြေး နေကြ ပါတယ်။

ဗုဒ္ဓဟူးနေ့က ဆိုရင် တိုက်ပွဲ ဖြစ်မယ် ဆိုတဲ့ သတင်း ထွက်နေ တာကြောင့် လူတွေ ပိုပြီး ထွက်ပြေး နေကြ တယ်လို့ ဆိုပါတယ်။

Image caption ထွက်ပြေးသူ တွေထဲမှာ အမျိုးသမီးနဲ့ သက်ကြီး ရွယ်အို တွေလည်းပါ

ဒုက္ခသည် တွေဟာ နယ်စပ်က လယ်ကွင်း တွေထဲမှာ ယာယီမိုးကာ တဲထိုးပြီး နေနေကြရတယ်လို့ ဖိုင်ကောင်း ရွာသား တဦးက ဘီဘီစီကို ပြောပြပါတယ်။

လယ်ယာ စိုက်ပျိုးဖို့ အတွက် လယ်ကွင်းတွေထဲမှာ ပိုးသတ်ဆေးတွေ ဖြန်းထားလို့ သောက်သုံးရေ အတွက် အခက်အခဲ ရှိနေတယ်လို့ သူက ဆိုပါတယ်။

သူတို့စထွက်ပြေး လာတဲ့အချိန် တုန်းက တရုတ် နိုင်ငံဘက်က နယ်စပ်ကို ကျော်ပြီး ဝင်မလာဖို့ လာရောက် တားမြစ်တာတွေ လုပ်ခဲ့တယ် လို့လည်း သူက ပြောပါတယ်။

အခု အချိန်မှာတော့ နေ့ခင်းပိုင်းမှာ ကိုယ်နေတဲ့ ရွာကို ပြန်ပြီး ဆန်နဲ့ ရိက္ခာတွေ ယူလို့ ရတယ်လို့ ဖိုင်ကောင်းရွာသူ တဦးက ပြောပါတယ်။

ဒါပေမယ့် သူတို့မိသားစုမှာ လသား အရွယ် ကလေးနဲ့ အတူ တိမ်းရှောင် နေရတာမို့ အခက်အခဲ တွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။

အိမ်ကို စိတ်မချတဲ့ သူတွေ ကလည်း စွန့်စားပြီး ညဖက် ရွာထဲမှာ စောင့်အိပ် ကြတာ တွေလည်း ရှိတယ် လို့ သူက ပြောပြခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ