အာဇာနည်နေ့ အခမ်းအနားတွေ ဦးစီး ကျင်းပပေးဖို့ အစိုးရ ပြင်ဆင်နေ

  • 12 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Getty
Image caption ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင် တွေ ကျဆုံးတာ ဒီနှစ်မှာ ၆၅နှစ်ပြည့်

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ ကျရောက်ဖို့ နီးကပ် လာနေချိန်မှာပဲ အာဇာနည်နေ့ အခမ်းအနား တွေကို အစိုးရပိုင်းက ကြီးမှူး ကျင်းပဖို့ ပြင်ဆင်မှုတွေ မြန်မာနိုင်ငံတဝှမ်းက မြို့အတော်များများမှာ တွေ့လာရပါတယ်။

အင်္ဂါနေ့က ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာ ထဲမှာ ၁၉၆၂ ခုနှစ်ကတည်းက နှစ်ပေါင်း ၅ဝ ကြာပိတ်ထားခဲ့တဲ့ မိတ္ထီလာမြို့က အာဇာနည် ကျောက်တိုင်မှာ အများပြည်သူတွေ လွမ်းသူ့ပန်းခွေ ချနိုင်ဖို့အတွက် ပြင်ဆင်မွမ်းမံနေတယ်လို့ ဖေါ်ပြထားပါတယ်။

အလားတူဘဲ ကရင်ပြည်နယ် ဘားအံမြို့မှာလည်း အာဇာနည် ကျောက်တိုင်မှာ ရှင်းလင်းနေပြီး ဘုန်းကြီးကျောင်းတခုမှာ ဆွမ်းကျွေးဖို့ ပြည်နယ်အစိုးရက စီစဉ်နေတယ်လို့ အာဇာနည် ကျောက်တိုင် ဝန်းကျင် သန့်ရှင်းရေးမှာ ပါဝင်တဲ့ NLD လူငယ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တခါ မကွေးတိုင်း တောင်တွင်းကြီးမြို့က ဗိုလ်ချုပ်ကျောက်တိုင်ကို သန့်ရှင်းရေး လုပ်နေတာကြောင့် အများပြည်သူကို အာဇာနည်နေ့ အထိမ်းအမှတ် လုပ်ခွင့်ပြုမယ့် အနေအထားမျိုး တွေ့ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အရင် စစ်အစိုးရ လက်ထက်က အာဇာနည်နေ့ကို စည်စည်ကားကား ကြီးမှူး ကျင်းပလေ့ ရှိတာ သိပ်မတွေ့ရပဲ အခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အခုလို အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို အာဏာပိုင်တွေက ကြီးမှူး ကျင်းပမယ့် အနေအထားမျိုး တွေ့လာရတာ ဖြစ်ပါတယ်။