ကန်မြှုပ်နှံမှုနဲ့ မြန်မာ့လူ့အခွင့်အရေး

  • 13 ဇူလိုင် 2012
gas rig
Image caption လူ့အခွင့်အရေး ချိုးဖောက်မှု နဲ့ သယံဇာတ ထုတ်ယူရေး စီမံကိန်းတွေ ဆက်စပ်

မြန်မာ စစ်တပ် လူ့အခွင့်အရေး ဖောက်ဖျက်မှု၊ အာဏာပိုင် တွေ အကျင့်ပျက် ခြစားမှု တွေကို စောင့်ကြည့်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ တွေ က အမေရိကန် နောက်ဆုံး ဖွင့်ပေး လိုက်တဲ့ ရင်းနှီး မြှုပ်နှံခွင့်ကို စိုးရိမ်ကြပါတယ်။

စီးပွားရေး အတွက် ရေခံမြေခံကောင်းတဲ့ အိမ်ရှင် မြန်မာနိုင်ငံက တာဝန် ရှိသူတွေနဲ့ စျေးကွက်သစ်ကို ရှာနေတဲ့ အမေရိကန် ကုန်သည် ကြီးတွေ စနေနေ့ ရန်ကုန်မှာ တွေ့ဖို့ ရှိနေချိန် မှာဘဲ လူ့အခွင့်အရေးကို မမေ့ကြဖို့နဲ့ ပွင့်လင်းပြီး တာဝန်သိတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ကြဖို့ လိုအပ်ချက်တွေ ရှိနေတယ်လို့ သဘာဝ ပတ်ဝန်းကျင် အရေး နဲ့ လူ့အခွင့် အရေး လှုပ်ရှားသူတွေ၊ အာဆီယံ ဥပဒေပြု အမတ်တွေက တိုက်တွန်းနေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့က မြန်မာ နိုင်ငံမှာ ကျင့်ဝတ်သိက္ခာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့ ခိုင်မာတဲ့ ရင်းနှီး မြှုပ်နှံမှု ဥပဒေ ရှိဖို့လိုတယ် ဆိုနေသလို အမေရိကန် အခြေစိုက် Earth Rights International သဘာဝ ပတ်ဝန်းကျင် နဲ့လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့ ကလည်း အမေရိကန်က နောက်ဆုံး ရုပ်သိမ်းလိုက်တဲ့ ကန့်သတ် ချက် တွေကြောင့် သယံဇာတ ထုတ်ယူရာ တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ပိုများ လာနိုင်တယ်လို့ သတိပေးနေပါတယ်။

ERI အဖွဲ့ရဲ့ ဥပဒေ ညှိနှိုင်းဆောင်ရွက်ရေးမှူး Jonathan Kaufman က မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ အများကြီး တွေ့နေရပေမယ့် မြန်မာစစ်တပ် ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီ လုပ်ရပ်တွေဟာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့လို၊ သတ္တု တူးဖေါ်ရေး တို့လို သယံဇာတ ထုတ်ယူရေး စီမံကိန်းတွေနဲ့ ဆက်စပ် နေတာကို မကြာခဏ တွေ့နိုင်ပါတယ်။

အခု အမေရိကန်က ခွင့်ပြုလိုက်တဲ့ အစီအစဉ်မှာ ဒါတွေကို ကာကွယ်ဖို့ ဘာမှ လုပ်ဆောင်ထားတာ မရှိဘူးလို့ ပြောသွားပါတယ်။

တကယ်တော့ အမေရိကန် အစိုးရရဲ့ General Licence လို့ခေါ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အထူးခွင့်ပြုချက်မှာ ဒေါ်လာငါးသိန်းနဲ့ အထက် ရင်းနှီးမြှုပ်နှံမှု အသစ်လုပ် တဲ့ကုမ္ပဏီတွေ အနေနဲ့ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို တင်သွင်းရမယ်၊ မြန်မာအစိုးရကို ဒေါ်လာ တသောင်းထက် ပိုပြီး ငွေပေးရတာရှိရင် အကြောင်းကြား ရမယ် ဆိုတာတွေ ပါဝင်ပါတယ်။

ဒါပေမယ့် ကုမ္ပဏီရဲ့ စီးပွားရေးလျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ ဒီအစီရင်ခံစာတွေ ကို အများပြည်သူကြားမှာ ချပြဖို့မလိုဘူးလို့ ERI ကပြောပါတယ်။

ဒီတော့ တခုခု မှားယွင်းတဲ့အခါ ချက်ချင်း သိနိုင်မှာ မဟုတ်ဘူးလို့ သူတို့က ဆိုပါတယ်။

ဒါ့အပြင် ပွင့်လင်းမြင်သာမှု မရှိဘဲ အဂတိ လိုက်စားမှု ကြီးကြီးမားမား ရှိတယ် စွပ်စွဲခံရတဲ့ မြန်မာ့ရေနံ နဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်းနဲ့ ဖက်စပ် လုပ်ရမယ့် သယံဇာတ ထုတ်ယူရေး လုပ်ငန်းတွေ အတွက် သူတို့က စိုးရိမ်ကြောင်း သတိပေး ပါတယ်။

မြန်မာအစိုးရ ကတော့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေသစ်ကို အပြီးသတ် အတည်ပြုဖို့ စိုင်းပြင်းနေပြီး ဒီဥပဒေ အတည်ဖြစ်တာနဲ့ ရင်းနှီးမြှုပ်နှံမှု တွေ ဝင်လာလိမ့်မယ် မျှော်လင့် ပါတယ်။

ဒါနဲ့ အချိန်ကိုက် ဆိုသလိုဘဲ အမေရိကန် အစိုးရ ကလည်း သူ့နိုင်ငံက ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံကို ဝင်နိုင်ဖို့ လမ်းဖွင့် ပေးလိုက်ပါပြီ။

ခုလို မြန်မာနိုင်ငံ ထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ကြတော့မယ့် အခြေအနေမှာ တရားမျှတမှုနဲ့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေ ဘက်ကလည်း သူတို့ ဆောင်ရွက် ချက်တွေကို တိုး မြှင့်လုပ်ကြမယ်လို့ ဆိုနေပါတယ်။

အခုအချိန်မှာ အရေးအကြီးဆုံးက မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုကြောင့် ထိခိုက်ခံရသူ တွေကို ကာကွယ် စောင့်ကြည့်နေတဲ့ အရပ်ဘက် အဖွဲ့အစည်း တွေနဲ့အတူ လက်တွဲအလုပ်လုပ်ဖို့၊ ပြီးတော့ မှန်ကန်တဲ့ သတင်း အချက်အလက် တွေ ထုတ်ပြန်ပေးအောင် တောင်းဆိုဖို့ ဖြစ်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ တိုးလာတာနဲ့ အတူ ပွင့်လင်းမြင်သာမှု၊ နိုင်ငံ တကာ ကျင့်ဝတ် စံနှုန်းတွေနဲ့ ညီမှုတွေ အတွက် တောင်းဆိုချက် တွေလည်း ပိုများလာစရာ ရှိပါတယ်။