BBC navigation

အမေရိကန်က ပိတ်ဆို့မှုလျှော့ပြီး ရင်းနှီးမြှပ်နှံမှု စလို

နောက်ဆုံး ရေးသားချိန် 12 ဇူလိုင်လ 2012 - 15:56 GMT
Coca Cola

ကိုလာ ကိုလာ ကုမ္ပဏီလည်း မြန်မာပြည် လာဖို့ရှိ

အမေရိကန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့ ပိတ်ပင်ခံ ထားရာကနေ အမေရိကန် အစိုးရက ဗုဒ္ဓဟူးနေ့က ပိတ်ဆို့မှုတချို့ ရုတ်သိမ်းပေးခဲ့တာဟာ မြန်မာနိုင်ငံဘက်က ပြုပြင်ပြောင်းလဲမှု တွေကြောင့်လဲ ပါတယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။

ဒါပေမယ့် အမေရိကန်အနေနဲ့ တခြား နိုင်ငံကြီးတွေ နည်းတူ မြန်မာပြည်နဲ့ စီးပွားရေး လုပ်ဆောင်လိုတဲ့ အတွက်ကြောင့်လည်း အခုလို ရုပ်သိမ်းပေးလိုက်တာ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးက ပြောပါတယ်။

မြန်မာပြည်မှာ သယံဇာတ ထုတ်တဲ့ လုပ်ငန်းတွေအပြင် အလုပ်သမားခ သက်သာမှု၊ စျေးကွက်ကြီးနှစ်ခုဖြစ်တဲ့ အိန္ဒိယ တရုတ်တို့ကြားမှာ တည်ရှိနေမှု စတဲ့ အားသာချက် တွေကြောင့်လည်း အမေရိကန် စီးပွားရေး လုပ်ငန်းတွေက မြန်မာနိုင်ငံကို စိတ်ဝင်စား နေကြတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်သိမှု မရှိတဲ့အတွက် ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

အခုနောက်ပိုင်းလာတဲ့ စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေဟာ အရင် ရှိပြီးသား လုပ်ငန်းတွေထက် တာဝန်ယူမှု၊ ပွင့်လင့်မြင်သာမှုတွေ ပိုရှိတဲ့ လုပ်ငန်းတွေ ဖြစ်လာမယ်လို့ ယူဆကြောင်းလည်း ဒေါက်တာ ဇော်ဦးက ပြောပါတယ်။

အမေရိကန်က ပိတ်ဆို့မှု လျော့ပေါ့ပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်လာတာတွေက မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်ပိုကောင်းစေလိမ့်မယ်လို့လည်း သူက သုံးသပ်ပါတယ်။

အာဆီယံ-အမေရိကန် စီးပွားရေး

အမေရိကန် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပြီး ရက်ပိုင်းအတွင်း သောကြာနေ့မှာပဲ အရှေ့တောင်အာရှ နဲ့အမေရိကန် နိုင်ငံတို့ စီးပွားရေးဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်ရေးအတွက် ထိပ်သီး ဆွေးနွေးပွဲကို ကမ္ဘောဒီးယား နိုင်ငံ စီယမ်ရိမြို့မှာ ကျင်းပဖို့ရှိပါတယ်။

မြန်မာအစိုးရသစ် ဖြစ်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေးရော၊ မြန်မာနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးရော ပိုမိုကောင်းမွန် လာတာကြောင့် ဒေသတွင်း စီးပွားရေး တိုးတက်မှုကို တွန်းအား ပေးနိုင်မယ်လို့ ပြည်တွင်းက စီးပွားရေး သမားတွေက ပြောပါတယ်။

အာဆီယံ ထိပ်သီးခေါင်းဆောင်တွေနဲ့အတူ သမ္မတဦးသိန်းစိန်းလည်း ဆွေးနွေးပွဲ တက်ရောက်မှာ ဖြစ်ပါတယ်။

စနေနေ့မှာတော့ သမ္မတဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ သီးခြားဆွေးနွေးဖိုရှိတယ်လို့ သမ္မတရုံးက တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

အမေရိကန်က ဦးဆောင်ပြီး အရှေ့တောင်အာရှ စီးပွားရေး ပူးပေါင်းဖို့ ဆွေးနွေးတယ်ဆိုတာဟာ အခုမှ စီးပွားရေးတံခါးဖွင့်တဲ့ မြန်မာအတွက် အရေးပါသလို အမေရိကန်အတွက်လည်း အရှေ့တောင်အာရှဒေသတွင်းမှာ သြဇာလွှမ်းမိုးမှုအတွက် အရေးပါတယ်လို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။