သမ္မတ ဦးသိန်းစိန်နဲ့ UNHCR မဟာမင်းကြီး တွေ့ဆုံ ဆွေးနွေး

  • 12 ဇူလိုင် 2012
Image caption UNHCR မဟာမင်းကြီးနဲ့ သမ္မတ ဦးသိန်းစိန်တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေး (ဓာတ်ပုံ သမ္မတရုံး)

မြန်မာသမ္မတ ဦးသိန်းစိန်က ၁၉၄၈ ခုနှစ် မတိုင်ခင် မြန်မာနိုင်ငံထဲ ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေရဲ့ တတိယ မျိုးဆက် မြေးအဆင့်ကိုသာ နိုင်ငံသား အဖြစ် လက်ခံဖို့ ဥပဒေရှိကြောင်း ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres နဲ့ နေပြည်တော်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေးစဉ် အခုလို ပြောကြားလိုက်တာ ဖြစ်ကြောင်း သမ္မတရုံး သတင်း ပြန်ကြားရေး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထား ပါတယ်။

သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား မဟုတ်ဘဲ မြန်မာ နိုင်ငံထဲ ခိုးဝင်လာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံရန် မဖြစ်နိုင်ကြောင်း ပြောကြားပါတယ်။

အဲဒီ ခိုးဝင်လာသူ ရိုဟင်ဂျာတွေကို UNHCR ထံ အပ်နှံပြီး ဒုက္ခသည် စခန်း အဖြစ် ထားရှိရန်နဲ့ UNHCR က ကျွေးမွေး စောင့်ရှောက်ပေးရန် ကိစ္စရပ်တွေကို ဦးသိန်းစိန်က မစ္စတာ Guterres နဲ့ ဆွေးနွေးခဲ့ပါတယ်။

ကြာသပတေးနေ့မှာတော့ မစ္စတာ Guterres က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ဒုက္ခသည် အဖြစ်လို့ သတ်မှတ်လို့ မရကြောင်း ရှင်းလင်း ပြောကြားသွား ပါတယ်။

ဒီအတွက် မြန်မာအစိုးရနဲ့ တခြား ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရှေ့ဆက် ရှာဖွေ ဆွေးနွေးဖို့ ရှိတယ်လို့ ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ