ကုလသမဂ္ဂ ဝန်ထမ်းအချို့ တရားစွဲခံရ

  • 13 ဇူလိုင် 2012
ရခိုင်ပြည်ရှိ ဒုက္ခသည်များ ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်ပြည်ရှိ ဒုက္ခသည်များ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ကုလသမဂ္ဂအပါအဝင် သူတို့နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာ အန်ဂျီအို မှ စုစုပေါင်း မြန်မာဝန်ထမ်း ၁၀ ဦးကိုအစိုးရ က ဖမ်းဆီး တရားစွဲဆို ထားပါတယ်။

အဲဒီထဲမှာ ကုလသမဂ္ဂမှ ၅ဦးနဲ့ အခြား နိုင်ငံတကာ အန်ဂျီအို မှ ၅ဦးပါဝင် ပါတယ်။

အခုအခါ သူတို့ကို ရခိုင်ပြည်နယ်အတွင်း က ထောင်တွေမှာ ဖမ်းဆီးထားပါတယ်။

လောလောဆယ် ဝန်ထမ်းသုံးယောက် ကို အီလက်ထရောနစ် ပုဒ်မ နဲ့ တရားစွဲဆိုထားတယ် လို့ သိရကြောင်း ရန်ကုန်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်က Ashok Nigam ဘီဘီစီ ကို ပြောပါတယ်။

ကျန်တဲ့သူတွေကိုတော့ ဘာအမှု နဲ့ စွဲတယ်လို့ အသေအချာ မသိသေးကြောင်း သူက ဆက်ပြောပါတယ်။

လောလောဆယ် အချို့ဝန်ထမ်းတွေနဲ့ မိသားစုတွေ တရက် တွေ့ခွင့်ရပေမယ့် ပုံမှန် တွေ့ခွင့်မရှိသေးတဲ့အတွက် ကုလသမဂ္ဂဘက် က တွေ့ခွင့်ပြုဖို့ တောင်းထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဘာအမှုတွေ နဲ့ စွဲတယ်ဆိုတာ အသေအချာသိရမှ ဥပဒေကြောင်းအရ လိုအပ်တဲ့ အကူအညီတွေကို ပေးနိုင်မှာ ဖြစ်တယ်လို့လည်း သူ က ဆိုပါတယ်။

အခုအချိန်အထိ ကုလသမဂ္ဂဖက်မှ စာရေးသား မေးမြန်းထားတာကို အစိုးရဖက်က တရားဝင်စာ ပြန်ကြားတာမရှိသေးဘူးလို့ လည်း မစ္စတာ Ashok Nigam က ပြောကြားသွားပါတယ်။