ပိတ်ဆို့မှု ရုပ်သိမ်းပေးရေး နဲ့ ဒေါ်အောင်ဆန်းစုကြည်

  • 13 ဇူလိုင် 2012
aung san suu kyi parliament ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်သူ့လွှတ်တော် အတွင်း ကျမ်းသစ္စာကျန်ဆို နေကြ စဉ်

နိုင်ငံခြားက ပိတ်ဆို့မှု တွေ ရုပ်သိမ်းအောင် တောင်းဆို ဖို့ အရေးကိစ္စ အတွက် လွှတ်တော် အနေနဲ့ သင့်တော်တဲ့ ပုဂ္ဂိုလ် တဉီး ရွေးမယ့် အဆို ကို ပြည်သူ့လွှတ်တော် က သဘောတူလိုက်ပါတယ်။

သောကြာနေ့ က ကျင်းပတဲ့ ပြည်သူလွှတ်တော် အစည်းအဝေးမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ က လွှတ်တော် အမတ် ဒေါ်နန်းဝါနု က နိုင်ငံခြားတိုင်းပြည်တွေ ရဲ့ ပိတ်ဆို့အရေးယူမှု တွေ ဟာ မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ ရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အတားအဆီးတွေ ဖြစ်နေတဲ့ အတွက် ပိတ်ဆို့မှု တွေ ရုပ်သိမ်းသွား အောင် ဉီးဆောင်လှုပ်ရှား တောင်းဆို ပေးဖို့ သင့်တော်တဲ့ ပုဂ္ဂိုလ် တဉီး ကို တာဝန်ပေးသင့် ကြောင်း အဆို ကို အရေးပေါ် ကြားဖြတ် အဆို အဖြစ် တင်သွင်းခဲ့ပါတယ်။

ဒီအဆို ကို ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ နဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ တို့ ရဲ့ လွှတ်တော် အမတ် ၂ ဉီး တို့ က ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။

လွှတ်တော် အမတ် တွေ ထဲမှာလည်း ဒီ ကိစ္စ ဟာ ဒေါ်အောင်ဆန်းစုကြည် ကို ရည်ရွယ်ပြီး တာ၀န်ပေးချင်ပုံရတယ်၊ ပိတ်ဆို့မှု တွေ ရုပ်သိမ်း ဖို့အရေး အလျင်စလို မဆုံးဖြတ်ကြဖို့ တိုက်တွန်း နေတဲ့ သူ့ကို အကျဉ်းအကျပ် ထဲ ရောက်သွားအောင် ရည်ရွယကြတာလား ဆိုတဲ့အပေါ် သံသယ ရှိကြပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ကိုယ်စားလှယ် တချို့ကတော့ ဒီလို လူပုဂ္ဂိုလ် ရွေးချယ် မှု ကို အလျင်စလို မလုပ်သင့်ကြောင်း ဆွေးနွေး ကြပါတယ်။

အဆိုကို ထောက်ခံခဲ့တဲ့ ပြည်ခိုင်ဖြိုး ပါတီ ရဲ့ အမတ် ဉီးဌေးမြင့် က လွှတ်တော် အနားပေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကို ချဉ်းကပ်ပြီး ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ အဲဒီ အရေး ကို ဆောင်ရွက်ပေးဖို့ ပန်ကြား ပြောဆို ခဲ့ကြောင်း လွှတ်တော် အမတ် ဉီးကြည်မြင့်က ဘီဘီစီ ကို ပြောပါတယ်။

ပြည်သူ့လွှတ်တော် ကတော့ နောက်ပိုင်းမှာ သင့်တော်တဲ့ ပုဂ္ဂိုလ် တဉီးရွေးဖို့ ကို အများသဘောတူညီမှု နဲ့ အတည်ပြုလိုက်ပါတယ်။