လယ်သမား ဆန္ဒပြမှု နောက်ဆက်တွဲ

  • 15 ဇူလိုင် 2012
growing_paddy ဓာတ်ပုံ မူပိုင် bbc
Image caption လယ်စိုက်ခင်း

နယ်မြေအာဏာပိုင်တွေ လျော်ကြေးမပေးပဲ သိမ်းယူထားတဲ့ လယ်မြေတွေ ပြန်ရရှိရေး အတွက် မူလပိုင်ရှင် လယ်သမားတွေက ဇူလိုင်လ ၁၁ရက်နေ့ က စလို့ သူတို့ လယ်မြေထဲ ပြန်ဝင်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲ လှုပ်ရှား ခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာ ခရိုင်နဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က လယ်သမားတွေ ဟာ အဖမ်းခံရသူရှိသလို ညှိနှိုင်းမှု ရသူတွေလည်း ရှိခဲ့ပါတယ်။

ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရှိ ရွာသစ်ကုန်း နဲ့ ပုတီးတောရွာမှာ ၁၉၈၉ ခု နှစ်ကတည်း က အမှတ် ၃ ကာကွယ်ရေး ပစ္စည်းစက်ရုံ က သိမ်းထားတဲ့ လယ်ဧက ၇ဝ နီးပါး ပြန်ရရေး ထွန်တုံး တိုက်ပွဲ ဆင်ခဲ့တဲ့ တောင်သူ ၇ ဉီး ဟာ ပြီးခဲ့တဲ့ ရက်က အဖမ်းခံရပြီး ညပိုင်းမှာ ပြန်လွှတ်ပေးလိုက် ပါတယ်။ ခံဝန်ချုပ် တော့ ထိုးခဲ့ရပုံ ကို လယ်သမား က ဘီဘီစီ ကိုပြောပြပါတယ်။

နယ်မြေခံ ရဲ က ဖမ်းတာမဟုတ်ပဲ ကပစ အမှတ် ၃ က စစ်သားတွေ ဖမ်းကြောင်းလည်း ပြောပြပါတယ်။ ဒါပေမယ့် လယ်သမားတွေ ကတော့ သိမ်းဆည်း လယ်မြေ ပြန်ရရှိ ရေး ဆက်လက် လုပ်ကိုင်မယ်လို့ ဆိုပါတယ်။

အလားတူ ထွန်တုံး တိုက်ပွဲ ဆင်ခဲ့တဲ့ မိတ္ထီလာ ခရိုင်၊ မလှိုင်၊ဝမ်းတွင်း၊သာစည် နဲ့ မိတ္ထီလာ လေးမြို့နယ်က လယ်သမားတွေ ကတော့ သက်ဆိုင်ရာ အာဏာပိုင် တွေနဲ့ ညှိနှိုင်းမှု ရခဲ့ပြီး ပြေလည်မှု ရခဲ့ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

လယ်ယာမြေ ပြဿနာ ဟာ ခိုင်မာတဲ့ လယ်ယာမြေ ဥပဒေ မရှိသေးတဲ့ အတွက် လယ်သမားတွေ ရဲ့ တောင်းဆိုမှု တွေ ပေါ်ပေါက်နိုင်သေးတဲ့ အကြောင်း၊ ကနေ့မှာဆိုရင် ရန်ကုန်ပတ်ဝန်းကျင်က လယ်သိမ်းခံ လယ်သမားတွေ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် တောင်းဆိုမယ့် အစီအစဉ်ရှိကြောင်း လယ်သမားတွေ က ပြောပါတယ်။