မဲဆိုင်မှာ မူးယစ်နဲ့ တိုက်ပွဲဖြစ်

  • 17 ဇူလိုင် 2012
drug
Image caption ယာဘ ဆေးပြား အလုံး ၇ သိန်းကျော်မိ

တနင်္လာနေ့ မနက်က ထိုင်း မြန်မာနယ်စပ် မယ်ဆိုင်မှာ မြန်မာ မူးယစ်ဆေး သယ်လာသူ အဖွဲ့တဖွဲ့နဲ့ ထိုင်းလုံခြုံရေး ရင်ဆိုင် တိုက်ပွဲ ဖြစ်ရာမှာ မူးယစ်ဆေး သယ်တဲ့သူ ၈ယောက် သေဆုံးပြီး သူတို့ သယ်လာတဲ့ လက်နက်နဲ့ ဘတ် သန်း ၁၀၀ ကျော်တန် မူးယစ်ဆေးတွေကို ထိုင်းရဲက သိမ်းဆည်းရမိ ခဲ့ပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာက မြန်မာနိုင်ငံ တာချီလိတ်မြို့ တဖက်ကမ်းက ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ဆန်ပါစပ်ရွာ အနီးက ဖာမီတောင်ကုန်းမှာ လို့ မယ်ဆိုင် မြို့ခံ တဦးက ဘီဘီစီကို ပြောပါတယ်။

နှစ်ဦးနှစ်ဖက် မိနစ် ၂၀ နီးပါးလောက် အပြန်အလှန် ပစ်ခတ်ကြပြီး မူးယစ်ဆေးသယ်ဆောင်တဲ့အဖွဲ့က တချို့ မြန်မာဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး နောက် နာရီ၀က် အကြာ မှာ ထိုင်းရဲက အခင်းဖြစ်ပွားရာကို သွားရောက် ရှင်းလင်းရာမှာ မူးယစ်ဆေး သယ်တဲ့အဖွဲ့က လူ ၈ ဦး သေဆုံးနေတာ တွေ့ရပြီး သူတို့ သယ်လာတဲ့ ယာဘ လို့ခေါ်တဲ့ စိတ်ကြွဆေးပြား နဲ့ လက်နက်အချို့ သိမ်းဆည်း ရမိတယ် လို့ ထိုင်းလုံခြုံရေး အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

ထိုင်း ရဲက မြန်မာဘက်ကနေ အကြီးစား မူးယစ်ဆေး ရောင်း၀ယ်သူတွေ ထိုင်းနယ်မြေထဲ ၀င်လာမယ်လို့ သတင်းရရှိထားထိုင်း နယ်ခြားစောင့်တပ်၊ အထူး တပ်ဖွဲ့၀င်တွေ ပူးပေါင်းပြီး စောင့်ဆိုင်းနေခဲ့တာဖြစ်တယ်။

ထိုင်းဘက်က မူးယစ်ဆေးသယ်လာသူ တွေကို ရပ်ခိုင်းတဲ့အချိန်မှာ မရပ်ပဲ ဗုံးနဲ့ပစ်ခွဲလို့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး မူးယစ်ဆေး အဖွဲ့မှာ လူ ၁၄-၁၅ ယောက်လောက် ရှိလောက်မယ်လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုမှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့၀င်တွေဘက်က တပ်ဖွဲ့၀င် ၅၀ ခန့်ရှိပြီး ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ သူကဆိုပါတယ်။

ဒီမူးယစ်ဆေး သယ်ဆောင်တဲ့အဖွဲ့ဟာ ဘယ်အဖွဲ့အစည်းက ဆိုတာကိုတော့ မှတ်ချက် မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

ထိုင်းဘက်က သိမ်းဆည်းရမိတဲ့ မူးယစ်ဆေး တွေကတော့ ယာဘ ခေါ် စိတ်ကြွဆေးပြား အလုံးရေ ၇ သိန်းကျော် နဲ့ ကီလိုဂရမ် ၅၀ ကျော်ရှိတဲ့ အိုင်စ် လို့ခေါ်တဲ့ အခဲတွေ၊ နောက်ပြီး အေကေ ၄၇ မောင်းပြန်ရိုင်ဖယ် ၃ လက်၊ ၉ မမ ပစ္စတိုတစ်လက်၊ ပွိုင့် ၂၂ တလက် ကိုပါ တွေ့ရှိ သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေး တန်ဖိုးဟာ ဘတ်ငွေ သန်း ၁၀၀ ကျော်လောက်ရှိတယ်လို့ ထိုင်းရဲက ဘန်ကောက်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒါပေမယ့် ထိုင်းမီဒီယာတွေမှာတော့ တာချီလိတ်မြို့နယ်မှာ လှုပ်ရှားနေတဲ့ အစိုးရရဲ့ လက်အောက်ခံ နမ့်ပုံ ပြည်သူ့စစ် ခေါင်းဆောင် ယီဆေးရဲ့ အဆက်အနွယ်တွေထဲက ဖြစ်လောက်တယ်လို့ ရေးသား ကြပါတယ်။

ယီဆေးဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက် က ထိုင်းမူးယစ်ဆေး နှိမ်နှင်းရေးအဖွဲ့က ဖမ်းဝရမ်း ထုတ်ထားတဲ့ မူးယစ်ရာဇာ ၂၅ ဦးထဲက ၁ ဦးဖြစ်ပါတယ်။

သူ့ကို ဖမ်းဖို့ ဘတ် တသန်း ချီးမြှင့်မယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထား ပါတယ်။