ပြည်သူ့စစ် မူးယစ် ကုန်သွယ်လို့ စွပ်စွဲ

  • 18 ဇူလိုင် 2012
drug
Image caption ပြည်သူ့စစ် တွေ မူးယစ်ဆေး ကုန်သွယ်နေလို့ စွပ်စွဲ

မယ်ဆိုင်မှာ ထိုင်း လုံခြုံရေးက ရမိတဲ့ ဘတ် သန်း ၁၀၀ ကျော်တန် မူးယစ်ဆေး တွေဟာ မြန်မာ အစိုးရ လက်အောက်ခံ ပြည်သူ့စစ် တွေ ပိုင်တာလို့ ရှမ်းသံတော်ဆင့် သတင်းက ရေး ပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ က မယ်ဆိုင်မြို့ ဆန်ပါစပ် ရွာအနီး ဖာမီ တောင်ကုန်း ကနေ ထိုင်းရဲတွေ သိမ်းမိတဲ့ ဘတ် သန်း ၁၀၀ ကျော် တန် ယာဘ စိတ်ကြွ ဆေးပြားတွေ၊ အိုက်စ် လို့ခေါ်တဲ့ ခရစ်စတယ် အခဲ တွေဟာ ရှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ် မြို့နယ် မိုင်းတွန်း မှာ လှုပ်ရှား နေတဲ့ အစိုးရ လက်အောက်ခံ ပူနားကို ပြည်သူ့စစ် ပိုင်တဲ့ မူးယစ်ဆေး တွေလို့ ရှမ်းသံတော်ဆင့် က ရေးသားပါတယ်။

ခါတိုင်း ပူနားကို အဖွဲ့က သူတို့ မူးယစ်ဆေးတွေကို မိုင်းဆတ်မြို့နယ် မယ်ကြို့ရွာ ကနေ ထိုင်းနိုင်ငံ မယ်ဖလုံ မြို့နယ် မုန့်ကောင့်လန် သွားတဲ့ လမ်းကြောင်း က သယ်တာ ဖြစ်ပေမယ့် နောက်ပိုင်း ကျတော့ အဲဒိ လမ်းမှာ မကြာခဏ အဖမ်းခံရပြီး ထိုင်းအာဏာပိုင် တွေက စောင့်ကြည့် နေတာကြောင့် လမ်းကြောင်း ပြောင်းပြီး တာချီလိတ် မြို့နယ် လွယ်တော်ခမ်း ဘက်က သယ်ရာကနေ အဖမ်းခံ ရတာလို့ ပြည်သူ့စစ်နဲ့ နီးစပ်တဲ့ သူတွေဆီက သိရကြောင်း ရှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဦးခွန်စိုင်းက ဆိုပါတယ်။

အဲဒိ လမ်းကြောင်း ပေါ်က ထန်ပီး အာခါ ရွာက ပြည်သူ့စစ်ကို အားကိုး သယ်ဆောင် ရင်း အဖမ်း ခံရတာလို့ ဆိုပါတယ်။

ဒီအဖွဲ့ဟာ ၂ဝဝ၉ ခုနှစ် ကထဲက မူးယစ်ဆေး သယ်တယ်လို့ သတင်း ထွက်နေကြောင်း၊ ပြည်သူ့စစ် အဖွဲ့ တွေဟာ မူးယစ်ဆေးနဲ့ မကင်းကြောင်း ဦးခွန်စိုင်းက ဆိုပါတယ်။

ပူနားကို အဖွဲ့ကို အိုက်လုံ နဲ့ ဂျငွဲ့ ဆိုသူတွေက ဦးဆောင်တာဖြစ်တယ်လို့ သူကဆိုပါတယ်။ သိမ်းဆည်း ခံထားရတဲ့ မူးယစ်ဆေး တွေက ယာဘ ခေါ် စိတ်ကြွဆေးပြား အလုံးရေ ၇ သိန်းကျော် နဲ့ ကီလိုဂရမ် ၅၀ ကျော်တဲ့ အိုင်စ် ခေါ် ခရစ်စတယ်အခဲတွေပဲဖြစ်တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ