BBC navigation

သမ္မတ ဦးသိန်းစိန်နဲ့ ၁၀ ပါတီ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 18 ဇူလိုင်လ 2012 - 15:42 GMT
President invites Burma's parties

သမ္မတက ပါတီ ၁၀ ပါတီက ကိုယ်စားလှယ် တွေနဲ့ ဆွေးနွေး (သမ္မတရုံး ဝက်ဆိုက် ဓါတ်ပုံ)

သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီကို ဖိတ်ခေါ်ပြီးဗုဒ္ဓဟူး နေ့က တွေ့ဆုံခဲ့ ပါတယ်။

အဲဒီ တွေ့ဆုံ ပွဲမှာ သမ္မတနဲ့ အတူ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း နဲ့ ဦးစိုးသိမ်းတို့ လည်း တက်ရောက်ခဲ့ကြ ပါတယ်။

သမ္မတက လက်ရှိ သူတို့ လုပ်ဆောင် နေတာတွေ စိန်ခေါ်မှု တွေကို ပြောပြပြီး နိုင်ငံ တည်ဆောက်ရေးနဲ့ ပြည်ပက ရင်းနှီး မြှုပ်နှံမှုတွေ လုပ်လာအောင် ဝိုင်းဝန်း တိုက်တွန်း ကြဖို့ နိုင်ငံရေး ပါတီတွေကို ပြောခဲ့ ပါတယ်။

ပါတီ တခုချင်းစီ ဘက်ကလည်း နိုင်ငံ တည်ဆောက် ရာမှာ အားမလို အားမရ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ သူတို့ ဖြစ်စေ လိုတဲ့ ကိစ္စရပ် တွေကို တင်ပြဆွေးနွေးခဲ့ ပါတယ်။

တိုင်းရင်းသား ပါတီတွေ က သူတို့ ဒေသ တွေမှာ ကြုံတွေ့ နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေး ခဲ့ကြ ရာမှာ ရခိုင် ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ဘင်္ဂါလီ ရိုဟင်ဂျာ သမိုင်းကြောင်းကို သိအောင် အလုပ်ရုံ ဆွေးနွေးပွဲ တခု လုပ်သင့်ကြောင်း အကြံပြုခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အတွင်းရေးမှူး ဦးဦးစောလှက ပြောပါတယ်။

ချင်းအမျိုးသား ပါတီဥက္ကဌ ဦးဇိုဇမ်း က တော့ ထာဝရ ငြိမ်းချမ်းရေးနဲ့ ပတ်သက် ပြီး လက်နက်ကိုင် နေတဲ့ တိုင်းရင်းသား တွေရဲ့ လိုအင် ဆန္ဒ အစစ် အမှန်ကို သိရအောင် ညီလာခံ တရပ် ခေါ်ယူ ဖေါ်ထုတ်ဖို့ ဆွေးနွေး ခဲ့တဲ့ အပြင် ဖက်ဒရယ် ကိစ္စနဲ့ ပတ်သက်လို့ လည်း ပြောဆို ဆွေးနွေးခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန်က သူတို့ရဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အစီ အစဉ်ကို ရှင်းပြခဲ့ ပါတယ်။

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက လည်း သူတို့ ဆောင်ရွက် နေတာတွေကို ပြောပြ ခဲ့ပြီး ထာဝရ ငြိမ်းချမ်းရေး ရဖို့ မျှော်လင့်ချက် ထားတယ်လို့ ပြောခဲ့ကြောင်း ဦးဇိုဇမ်းက ရှင်းပြ ပါတယ်။

နောက်ထပ် ဆွေးနွေး ခဲ့ကြတဲ့ ကိစ္စတွေ ထဲမှာ ၂၀၁၅ ရွေးကောက်ပွဲ နည်းစနစ် ပြောင်းလဲရေး၊ ရခိုင် ပြည်နယ်က ရေနံ ပိုက်လိုင်း ကိစ္စ၊ လယ်ယာမြေ ကိစ္စ တိုင်းရင်းသား ဘာသာစကား သင်ကြားရေး ကိစ္စ စတာတွေ ပါဝင် တယ်လို့ သိရ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။