၆၅ နှစ်မြောက် အာဇာနည်နေ့

  • 19 ဇူလိုင် 2012
bbc_martyrs2_304x171 ဓာတ်ပုံ မူပိုင် bbc
Image caption အာဇာနည်ကြီးများ

ကနေ့ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ ကို ကျင်းပခွင့် ပေးမယ့် အစီအစဉ် အပေါ် ထူးခြားမှု ရှိတယ် လို့ သုံးသပ်ကြ ပါတယ်။ အကြောင်းက တော့ အရင် စစ်အစိုးရ လက်ထက်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီး တွေ ကို လုံးဝပစ်ပယ် ထားတယ် လို့ ပြောလို့ ရတဲ့ အကြောင်း ဂျပန် နိုင်ငံ ကန်ဒ တက္ကသိုလ်မှ သမိုင်း ပညာရှင် ဒေါက်တာအေးချမ်း က ဘီဘီစီ ကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ ဒုတိယ သမ္မတ စိုင်းမောက်ခမ်း ကိုယ်တိုင် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေ ချမယ့် အခမ်းအနား တက်ရောက် မယ်လို့ သိရတဲ့ အတွက် အစိုးရ ဟာ မူပြောင်းတယ် လို့ ဆိုနိုင်ကြောင်း ဒေါက်တာအေးချမ်း က ပြောတာပါ။ အရင်က ဆိုရင် နိုင်ငံတော် အခမ်းအနား ဆိုတဲ့ တိုင်အောင် နိုင်ငံတော် အကြီးအကဲ တွေ မတက်ပဲ ဝန်ကြီးအဖွဲ့ဝင် တချို့ပဲ တက်လို့ ဖြစ်ပါတယ်။

အခုလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီး တွေ ရဲ့ သမိုင်းကြောင်း ကို ပြန်ဖေါ်ပေးခြင်းဟာ လူထုအပေါ် အကျိုးသက်ရောက်မှု ရှိသလို အစိုးရ အနေနဲ့လည်း အကျိုးရှိနိုင်ကြောင်း၊ လူထု ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီး တွေ ကို ဘယ်တော့မှ မမေ့တဲ့ အတွက် လက်ရှိ အစိုးရ အပေါ်မှာ လူထု အမြင်ကြည် နိုင်ကြောင်း ဒေါက်တာအေးချမ်း က ရှင်းပြပါတယ်။

ပြည်သူက လေးစားတဲ့ ခေါင်းဆောင် ကို လွတ်လွတ် လပ်လပ် လေးစားခွင့် မရအောင် ထိန်းချုပ်ခြင်းဟာ အာဏာရှင် နိုင်ငံတွေ မှာသာ တွေ့ရတတ်ပုံ ကိုလည်း ရုရှ နိုင်ငံနဲ့ နှိုင်းယှဉ်ပြီး ဒေါက်တာအေးချမ်း က ပြောတာပါ။

အာဇာနည်နေ့ အကြောင်းရေးသားပြုစု တဲ့ စာရေးဆရာ သန်းဝင်းလှိုင် ကလည်း အာဇာနည်နေ့ ကို မှေးမှိန်အောင် လုပ်ရခြင်းဟာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီ ရေး လှုပ်ရှားရာက လူထု ခေါင်းဆောင်ဖြစ်လာတဲ့ အတွက် ဒါကို အရင် အစိုးရ ပိုင်းက လိုလားမှု မရှိရာကနေ တားမြစ် ပိတ်ပင်မှု တွေ ပြုလာတဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ