ပိတ်ဆို့မှု ရုပ်သိမ်းရေးနဲ့ ဦးဌေးဦး အမြင်

  • 18 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်စုက လုပ်နိုင်မယ် ဆိုရင် ပိတ်ဆို့မှု အားလုံး ရုပ်သိမ်း အောင်လုပ်စေချင်တယ်လို့ ဦးဌေးဦးကဆို

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူ မှုတွေ ရုပ်သိမ်းအောင် တောင်းဆိုဖို့ အတွက် သင့်တော်တဲ့သူ တဦးကို လွှတ်တော်က ရွေးချယ်ဖို့ သဘောတူ ခဲ့ပြီး တဲ့နောက် ဒေါ်အောင်ဆန်း စုကြည်ကို တာဝန် ပေးလိမ့်မယ် ဆိုတဲ့ ပြောဆိုချက်တွေ ရှိသလို အဲဒီ နောက်ပိုင်းမှာ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ ဒုတိယ အကြိမ် တွေ့ဆုံခဲ့ ပါတယ်။

ဒီတော့ အစိုးရ အနေနဲ့ရော လွှတ်တော် အနေနဲ့ ပါ။ ဒေါ်အောင်ဆန်း စုကြည်ကို ဘာတွေ လုပ်ပေး စေချင် တာလဲ။

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ကို ဆက်သွယ် မေးကြည့်တော့၊ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ ဘာတွေ ဆွေးနွေးလဲ သူမသိကြောင်း ပြောပြီး ပိတ်ဆို့ အရေးယူမှု တွေနဲ့ ပတ်သက်လို့ သူတို့ ဖက်က အမြင်ကို ခုလို ဆိုခဲ့ ပါတယ်။

ဦးဌေးဦး။ ဆန်ရှင်နဲ့ ပတ်သက်လို့ ကတော့ ကျွန်တော်တို့ သဘောထား ရှိပါတယ်။ မြန်မာ နိုင်ငံနဲ့ ပတ်သက်လို့ စီးပွားရေး တခုလုံး ကိုတော့ ထိခိုက် တာတော့ မဟုတ်ဘူး။ သို့သော်လည်းဘဲ အလုပ်အကိုင် ရရှိ ရေးတို့ ၊ အချို့သော စီးပွားရေး လုပ်ငန်း တွေတော့ ထိခိုက်တာပေါ့။ ဒါကြောင့် ကျွန်တော်တို့ ကတော့ မလိုလားဘူး။ နဂိုထဲကလည်း ဒီသဘောထား ရှိပါတယ်။ အခုလည်း ဒီသဘောထား ရှိပါတယ်။ ဖြေလျှော့ ပေးတာ တွေနဲ့ ပတ်သက် လို့လည်း ကျေးဇူး တင်ပါတယ်။ အဲဒီ အထဲမှာ အဓိက ကျတာကတော့ ငွေကြေး၊ ငွေပို့တဲ့ ဥစ္စာပေါ့။ အဲဒီဥစ္စာ တွေနဲ့ ပတ်သက် လို့က ဖြေလျှော့မှု ထဲမှာ မပါသေးဘူး။ ဒါလေးတွေလည်း အဆင်ပြေ သွားရင်း ကောင်းတာပေါ့ဗျာ။

ဘီဘီစီ။ ဒီကြားထဲမှာ ဒေါ်နန်းဝါနု ကနေ လွှတ်တော်မှာတင်တာ ရှိပါတယ်။ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်ပြီး တစုံတယောက် ကိုတာဝန်ပေးပြီး လုပ်သင့်တယ်လို့ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး လွှတ်တော် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန် ပေးချင်တယ် ဆိုတဲ့ယူဆချက်တွေ တော်တော်လေး များပါတယ်။ သူလည်း လက်ခံတယ်လို့ ပြောတာတွေ ရှိပါတယ်။ သူ့အနေနဲ့ ဘာလုပ်ပေး စေချင်တယ် ဆိုတာကိုပြောပြပါလား ခင်ဗျ။

ဦးဌေးဦး။ မဟုတ်ဘူး။ ကျွန်တော်တို့က တစုံတယောက် ဆိုတဲ့ဥစ္စာ အားလုံးပါဘဲ။ ကျွန်တော်တို့လည်း လုပ်နေတာဘဲ၊ နိုင်ငံတော် သမ္မတကြီးလည်း လုပ်နေတာဘဲလေ။ နိုင်ငံတော်သမ္မတကြီးဆိုရင် ကမ္ဘောဒီးယား မှာတောင်မှ ကလင်တန်နဲ့ ဆွေးနွေးနေတာတွေ ရှိတာဘဲ။ ဒီစီးပွားရေး လုပ်ငန်း တွေနဲ့ ပတ်သက်လို့ ပါမှာဘဲလေ။

ဘီဘီစီ။ ဒါပေမယ့် အခုက တယောက်ကို တာဝန်ပေးသင့် တယ်လို့ ပြောတာကို။

ဦးဌေးဦး။ မှန်တယ်၊ မှန်တယ်။ လုပ်ပေးနိုင်တဲ့ လူတယောက် ဆိုတဲ့အထဲမှာ သမ္မတလည်း ပါတယ်။ ကျန်တဲ့လူတွေ လည်းပါတယ်။ လုပ်ပေး နိုင်တဲ့ လူ အားလုံးဘဲ ဆိုလိုပါတယ်။

ဘီဘီစီ။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကိစ္စ အတွက် တာဝန်ပေးမယ်လို့ မဆုံးဖြတ်ရ သေးဘူးလို့ ဆိုလိုတဲ့ သဘောလား ခင်ဗျ။

ဦးဌေးဦး။ မဟုတ်ဘူးလေ။ တာဝန်ပေးရ အောင်လည်း၊ ဆန်ရှင်တခုလုံးကို သူကနေ လွတ်အောင် လုပ်ပေး နိုင်သလား၊ မလုပ်ပေး နိုင်သလား လည်း ကျွန်တော် မသိပါဘူး။ အဲဒီတော့ လုပ်ပေး နိုင်တဲ့လူ အားလုံးကို ဝိုင်းလုပ်ပါလို့ ပြောတဲ့ သဘောလို့ဘဲ ကျွန်တော် ယူဆပါတယ်။

ဘီဘီစီ။ ဒါပေမယ့် အဲဒီအဆို တင်တဲ့ အချိန် တုန်းကတော့ တယောက်ကို တာဝန်ပေးသင့်တယ် ဆိုတာမျိုး ပြောတယ်။ နောက် ဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ တွေ့တာ ဒီကနေ့လည်း တွေ့တယ်လို့ ကြားပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် လွှတ်တော် အမတ်၊ အထူး သဖြင့် ဒီဆန်ရှင်နဲ့ ပတ်သက်ပြီး အရေးကြီးတယ်လို့ ပြောကြတဲ့ မစ်ချ် မက်ကော်နယ် နဲ့ တွေ့တာလည်း ရှိပါတယ်။ ဆိုတော့ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တစုံတရာ ဆောင်ရွက်ပေးမယ် ဆိုရင် ဘယ်လို ဆောင်ရွက် ပေးစေချင်တယ် ဆိုတာကို သိချင်ပါတယ်။

ဦးဌေးဦး။ ဒါနဲ့ ပတ်သက်လို့လား။ သူလုပ်ပေးချင်တယ်ဆိုရင်တော့ ဆန်ရှင်နဲ့ပတ်သက်လို့ ကျွန်တော်တို့ မကြိုက်ဘူးပေါ့။ ဆန်ရှင်နဲ့ ပတ်သက်လို့ အားလုံး ဆန်ရှင်မရှိအောင် လုပ်ပေးပေါ့ဗျာ။ ဒီလိုဘဲကျွန်တော်တို့ မြင်ပါတယ်။ခုန တစုံတယောက် ဆိုတဲ့ဥစ္စာမှာလည်း အားလုံးကို ဆိုလိုတာပါ။

ဘီဘီစီ။ နောက်တပိုင်းက အမေရိကန် အစိုးရ အနေနဲ့က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး နဲ့ပတ်သက်လို့ စိုးရိမ်မှုတွေကြောင့် သူတို့ ပိတ်ဆို့ တာပါလို့ ပြောခဲ့တာရှိပါတယ်။ ဆိုတော့ သူတို့ ဘက်က တောင်းဆိုတာ တွေကို မြန်မာအစိုးရက လုပ်လာအောင်၊ ဒါမှမဟုတ် လုပ်ပေးမယ် ဆိုတဲ့ အချက်တွေ ကရော ဘယ်လိုအနေ အထား ရှိပါလဲ။

ဦးဌေးဦး။ ကျွန်တော်တို့ ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းကို ဘယ်လမ်းကြောင်းနဲ့ သွားမယ် ဆိုတာကို ကိုယ်တိုင် ဆုံးဖြတ် ပြီးတော့မှ ဒီလမ်းကြောင်း အတိုင်းဘဲ အောင်မြင်အောင် ကျွန်တော်တို့ လုပ်ပါတယ်။ အဲဒီအပေါ်မှာ နိုင်ငံ အသီးသီးရဲ့ သဘောထား တွေကတော့ တူချင်မှ တူပါ လိမ့်မယ်။ အဲဒီ သဘောထား တွေ အပေါ် မူတည်ပြီး နိုင်ငံရေး လမ်းကြောင်းကလည်း မှန်နေပြီလို့ ပြောတာတွေ ကြားလိုက်တော့ ဝမ်းသာပါတယ်။ ဆုံးဖြတ်တာကတော့ သူတို့ရဲ့ အဆုံးအဖြတ်ဘဲ ဖြစ်ပါလိမ့်မယ်။ အမှန်ကန် ဆုံးနဲ့ အသင့်တော်ဆုံး၊ ဆုံးဖြတ် နိုင်လိမ့်မယ် လို့ဘဲ ကျွန်တော် ယုံပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ