သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ သွားမယ်

  • 19 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် တို့ တနင်္လာနေ့မှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိ

သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံကို တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် လာမယ့် တနင်္ဂနွေနေ့ ကနေ အင်္ဂါနေ့ အထိ ၃ ရက် သွားရောက်ဖို့ ရှိပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်တို့ တွေ့ဆုံတဲ့ အခါ ဆွေးနွေးမယ့် အကြောင်းတွေကို ကြိုတင် ညှိနှိုင်းတဲ့ အနေနဲ့ ဘန်ကောက် အခြေစိုက် မြန်မာ သံအမတ် ဦးတင်ဝင်းနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အခါ ဆွေးနွေးဖို့က ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ကိစ္စ၊ နယ်စပ်ဂိတ် ၅ နေရာ ဖွင့်ဖို့ အရေးတို့ကို ထိုင်းဘက်က တင်ပြထားပါတယ်။

နောက်ပြီး ကော့သောင်မှာ အဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသား ၉ဝ ကျော် ကိုလည်း သက်သက် ညှာညှာ ဆောင်ရွက်ပေးဖို့ အတွက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး စူရဖုန်း တိုးဝိကျတ်က်ချိုင်းကွန်း ပြောတယ်။

သံအမတ် ဦးတင်ဝင်း ကတော့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ အလုပ်သမားတွေကို ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးနေတဲ့ ကိစ္စအပြင် တရား မဝင် အလုပ် ခိုးလုပ် နေရတဲ့ မြန်မာ အလုပ်သမားတွေကို ထိုင်းက အလုပ် လုပ်ခွင့် မှတ်ပုံတင် အသစ် ထပ်မံ လုပ်ပေးဖို့တွေကို တောင်းဆိုခဲ့ ပါတယ်။

နှစ်ဘက် ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အခါ အသေးစိတ် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ နှစ်ဘက် အစိုးရ အသိုင်းအဝိုင်း ကနေ သိရပါတယ်။

နယ်စပ်ဂိတ် ၅ ခု ဖွင့်မယ့် အထဲမှာ ထားဝယ် ရေနက် ဆိပ်ကမ်းနဲ့ ဆက်သွယ်မယ့် ကန်ချဘူရီ နယ်စပ်ဂိတ် ဖွင့်ရေးပါဝင်တယ်လို့ ကန်ချနာ့ ဘူရီ ခရိုင်ဝန် ချိုင်းဝပ် လင်မ်းဝမ်ထါ့ ရှင်းပြပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်ယင့်လတ်ခ် ချင်နဝပ်တို့ တနင်္လာနေ့မှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့လည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ